၉၆၉ နဲ့ BBS အဖွဲ့ ပူးပေါင်း လှုပ်ရှားမယ်

bbs ဓာတ်ပုံ မူပိုင် AFP
Image caption Bodu Bala Sena အဖွဲ့ ညီလာခံ

မြန်မာနိုင်ငံမှာ ၉၆၉ အဖွဲ့လို့ အသိများတဲ့ ဗုဒ္ဓဘာသာ ကာကွယ် စောင့်ရှောက် ရေး အဖွဲ့နဲ့ သီရိလင်္ကာ နိုင်ငံ က သဘောထား တင်းမာတဲ့ ရဟန်းတော် အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena BBS အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် မှု တွေ လုပ်မယ် လို့ သီရိလင်္ကာ နိုင်ငံကို ရောက်ရှိ နေတဲ့ မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူက ပြောခဲ့ပါတယ်။

ဒီ ၂ ဖွဲ့လုံးဟာ မွတ်ဆလင် ဆန့်ကျင်ရေး သဘောထား တွေ ရှိတဲ့ အဖွဲ့တွေ အဖြစ် အသိများပါတယ်။

အစွန်းရောက် မွတ်ဆလင် တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ သဘောတူ ခဲ့တယ် ဆိုပြီး BBS အဖွဲ့ရဲ့ သုတေသနရေးရာ ဌာနမှူး ဆရာတော် ချမီလာ လီယာနာဂေး က ပြောပါတယ်။

မွတ်ဆလင် တွေကို ရန်လို အကြမ်းဖက်ဖို့ ပူးပေါင်းတာ မဟုတ်ကြောင်းနဲ့ ဗုဒ္ဓ သာသနာ ထွန်းကား ပြန့်ပွားအောင် လုပ်နိုင်ရင် ပြဿနာတွေ ငြိမ်းအေး သွားနိုင် ပါတယ် ဆိုပြီး ပြောပါတယ်။

နိုင်ငံခြား အမအစနဲ့ ဗုဒ္ဓဘာသာ ပျက်စီး ညှိုးနွမ်း အောင် လုပ်မယ့် အကြံအစည် တွေကို ဟန့်တား ကာကွယ် သွားမယ် လို့လဲ သိရပါတယ်။

ဘာသာ ကူးပြောင်းမှုဟာကမ္ဘာတလွှား ဗုဒ္ဓဘာသာ ကျဆင်း ဆုတ်ယုတ်မှုရဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဒီ ၂ ဖွဲ့လုံးက ပြောပါတယ်။

အစွန်းရောက် ဝါဒနဲ့ ဘာသာရေး စွက်ဖက်မှု မရှိတဲ့ ဝါဒ တွေရဲ့ အန္တရာယ် တွေကို ပူပန် စိုးရိမ်ကြောင်း ပြောကြား ခဲ့ပါတယ်။