အင်တာနက်ကနေ တုံ့ပြန်ဖို့ ၉၆၉ နဲ့ BBS သဘောတူ

Wirathu ဓာတ်ပုံ မူပိုင် AFP
Image caption BBS နဲ့ ၉၆၉ တို့ ပူးပေါင်းလုပ်ဆောင်မယ်

သီရိလင်္ကာက ဗုဒ္ဓဘာသာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Bodu Bala Sena (BBS) အဖွဲ့နဲ့ မြန်မာနိုင်ငံက ၉၆၉ အဖွဲ့ ဦးဆောင်ဆရာတော် ဦးဝီရသူတို့ဟာ သီရိလင်္ကာမှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၉၆၉ နဲ့ မဘသတို့လို သီရိလင်္ကာမှာလည်း BBS ကို အထင်အမြင် လွဲမှားခံရတာတွေ ရှိတဲ့အပြင် မီဒီယာတွေကတဆင့် ဗုဒ္ဓဘာသာအပေါ် ကမ္ဘာက အထင်အမြင်လွဲမှားမှုတွေ ရှိနေတယ်၊ ဒါတွေကို ချေဖျက် နိုင်အောင် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဦးဝီရသူက ဘီဘီစီကို ပြောပါတယ်။

အဲဒီလို လုပ်ဆောင်ဖို့အတွက် အင်တာနက် ဝက်ဘ်ဆိုက်တစ်ခု ဖွင့်လိုက်ပြီး အဲဒီကတဆင့် ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ အခြေအနေတွေကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

သီရိလင်္ကာက BBS အဖွဲ့ဟာ မွတ်ဆလင် ဆန့်ကျင်ရေး လုပ်ရာမှာ နာမည်ကြီးပြီး အစိုးရပိုင်းကနေ လွှတ်ပေးထားတဲ့ အဖွဲ့အဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ လွတ်လပ်တဲ့ အယူအဆတွေ၊ ယဉ်ကျေးမှုနဲ့ လှုမှု ရေးရာတွေက တဆင့် ဗုဒ္ဓဘာသာရဲ့နယ်ပယ်နဲ့ စရိုက်လက္ခဏာတွေကို တိုက်ရိုက် ထိခိုက်နေပြီ၊ ခြိမ်းခြောက်ခံရနေပြီလို့လည်း ပူးတွဲ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။

ခြိမ်းခြောက်မှုဆိုတဲ့နေရာမှာ မြန်မာအမျိုးသမီးတွေ အစ္စလာမ် ဘာသာဝင်တွေနဲ့ လက်ထက်ရင် ဘာသာနဲ့ယဉ်ကျေးမှု စွန့်လွှတ်ရတာတွေ၊ ဦးဝီရသူကိုယ်တိုင် ခြိမ်းခြောက်ခံရတာတွေ အပြင် အယ်လ်ခိုင်းဒါးရဲ့ ခြိမ်းခြောက်မှုတွေပါဝင်တယ်လို့ ဦးဝီရသူက ပြောပါတယ်။

လူမျိုးနဲ့ ဘာသာ လုံခြုံမှုရှိဖို့အတွက် ဥပဒေအောက်ကနေ လုပ်နိုင်သလောက် လုပ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်ချက်တွေကြောင့် လူ့အဖွဲ့အစည်းနှစ်ခုကြား မလုံခြုံမှုတွေ ပိုဖြစ်မလာနိုင်ဘူးလားဆိုတာကိုတော့ ဒီလို မလုံမခြုံ ခံစားရမယ်ဆိုရင် အဖြေရှာဖို့လိုကြောင်း၊ ကုလသမဂ္ဂနဲ့ မီဒီယာကို အားကိုးနေရုံနဲ့ လုံခြုံလာမှာ မဟုတ်ကြောင်း ဦးဝီရသူက ပြောပါတယ်။