မြဝတီမှာ အခြေအနေ ပုံမှန် ပြန်ဖြစ်လာပြီလို့ အာဏာပိုင်တွေပြော

Image caption မဲဆောက် မြဝတီ ခရီးသွား လုပ်ငန်း တိုးမြှင့်ဖို့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး တွေ့ဆုံ ဆွေးနွေး

မဲဆောက်နဲ့ မြ၀တီ နှစ်နိုင်ငံ နယ်စပ်မြို့တွေ အကြားမှာ ခရီးသွား လုပ်ငန်း တိုးမြှင့်ဖို့ အတွက် အားကစား၊ ယဉ်ကျေးမှု၊ ကျန်းမာ ရေးနဲ့ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး တွေမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ တာ့ခ်နဲ့ မြန်မာနိုင်ငံ မြ၀တီ ခရိုင် အုပ်ချုပ်ရေးမှုးတွေ အကြား အောက်တိုဘာလ ၁ရက်နေ့က မြ၀တီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြ၀တီမြို့ အခြေအနေဟာ လုပ်ငန်းတွေ အားလုံး လုပ်ဆောင်ဖို့ စိတ်ချရတဲ့ အနေအထားမှာ ရှိနေပြီလို့ အဲဒီ ဆွေးနွေးပွဲမှာ မြ၀တီ ခရိုင် အုပ်ချုပ်ရေးမှူး ဉီးလွင်ကိုဉီးက တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆုမ် ချိုင် ဟထိယတန်တိ ကို ပြောပြခဲ့ပါတယ်။

မြ၀တီမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ အကြား တင်းမာမှု ဖြစ်နေရာကနေ ပုံမှန် ပြန်ဖြစ်လာပါပြီလို့ မြ၀တီ အာဏာပိုင်တွေက အခုလို ပြောပေမယ့် ဒေသခံ လူထုကြားမှာ တော့ ကောလဟလတွေ ပျံ့နှံ့နေပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေဆဲ ရှိနေပါသေးတယ်။

ကုန်သွယ်ရေးဘက်ပိုင်းကို ကြည့်မယ် ဆိုရင် ဓါတ်ဆီ၊ ဒီဇယ်ဆီတွေနဲ့ တခြား လူသုံး ကုန်ပစ္စည်းတွေ မဲဆောက်၊ မြ၀တီ လမ်းကြောင်းကနေ မြန်မာနိုင်ငံ အတွင်းပိုင်းကို သွားနေတာ တွေ့ရပေမဲ့ ကုန်သည်တွေနဲ့ ခရီးသည်တွေ များများစားစား သွားလာတာ ကိုတော့ သိပ်မတွေ့ရဘူးလို့ မဲဆောက် မြဝတီ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ ပစ်ခတ်ကြတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့တာတွေ ပြေလည်သွားပြီ ဆိုတာကို နှစ်ဖက်စလုံးက လူသိရှင်ကြား ထုတ်ပြန်တာမျိုး မရှိသေးတာကြောင့်လို့ အကဲခတ်တွေက ပြောပါတယ်။