ဘူသီးတောင်မှာ နိုင်ငံသား စိစစ်ရေး လုပ်မယ်

Refugees in Sittwe ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တွေ မြို့နယ် ဒုက္ခသည် စခန်းက မိသားစု

မွတ်ဆလင် သုံးသိန်းကျော်လောက်ရှိပြီး ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ် အငြင်းပွါးနေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဘူးသီးတောင် မြို့နယ်မှာ အခုလ အတွင်း နိုင်ငံသား စိစစ်ရေး စတင်ဖို့ အောက်တို ဘာလ ၁ ရက် နေ့က စပြီး ကော်မတီ တစ်ရပ်ဖွဲ့ပြီး သွားပြီလို့ ဘူးသီးတောင် မြို့နယ်က ကော်မတီဝင် ဦးထွန်းအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

အဖွဲ့ဝင် ၇ ယောက် ပါတဲ့ အဲဒီ ကော်မတီမှာ အစိုးရ ဘက်က ၄ ယောက်၊ ရခိုင်တိုင်းရင်းသားတွေ ဘက်က နှစ်ယောက်၊ မွတ်ဆလင် ဘက်က တစ်ယောက် ပါဝင်တယ်လို့ သူက ပြောပါတယ်။

အခုလို စိစစ်တဲ့ လုပ်ငန်းတွေမှာ နည်းစနစ် မမှန်ကန်ရင်တော့ အောင်မြင်မှု ရမှာမဟုတ်ဘူးလို့ ဘူးသီးတောင် မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါတယ်။

ဘူးသီးတောင် ဘက်က လူတွေဟာ နိုင်ငံခြားသား အနွယ်ဝင်တွေ မဟုတ်သလို ပြည်ပက လာရောက်နေထိုင်သူတွေလည်း မဟုတ်တဲ့ အတွက် ၁၉၈၂ နိုင်ငံသား ဥပဒေ အရ သူတို့ကို နိုင်ငံခြားသား အဖြစ် သတ်မှတ်ပြီး စိစစ်ရင်တော့ အခက် အခဲတွေ ရှိလာ နိုင်တယ်လို့ သူက ပြောပါတယ်။

ရခိုင် ပြည်နယ် အတွင်း မွတ်ဆလင် ၉၀ ရာ ခိုင် နှုန်း လောက် နေထိုင်တဲ့ ဘူးသီးတောင် မြို့နယ်မှာ ၂၀၁၄ ခုနှစ် အတွင်း သန်းခေါင် စာရင်း ကောက်ယူတုန်းက လူမျိုး နေရာမှာ အများစုက ရိုဟင်ဂျာ လို့ဖြည့်တဲ့ အတွက် အားလုံးကို မကောက်ယူ နိုင်ခဲ့ပါဘူး။

မြေပုံမြို့ မှာတော့ ပြီးခဲ့တဲ့ လကပဲ ၁၉၈၂ ဥပဒေ နဲ့ နိုင်ငံသား စိစစ်မှု လုပ်ခဲ့ပါတယ်။ လျှောက်လွှာ တင်သွင်းသူ တစ်ထောင်ကျော်ထဲက နိုင်ငံသား ဖြစ်ခွင့် ရှိသူ ၂၀၀ ကျော် ကို ခွင့်ပြု ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ မွတ်ဆလင် တစ်သန်းကျော်လောက် ရှိမယ်လို့ အစိုးရက ခန့်မှန်း ထားပါတယ်။

ဘင်္ဂါလီ အဖြစ် အမည် မခံ လိုသူတွေကို နိုင်ငံမဲ့တွေ အဖြစ် ဘယ်လို ဆက်လက် ကိုင်တွယ်မယ် ဆိုတာ မေးစရာ ဖြစ်နေတဲ့ အပြင် သူတို့ကို ဒုက္ခသည် စခန်းတွေမှာပဲ ဆက်ထား မလား တတိယ နိုင်ငံတွေ ဆီပို့မလား ဆိုတာကိုလည်း လူအခွင့် အရေး အဖွဲတွေက စိုးရိမ် တကြီး စောင့်ကြည့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ