ကရင်မှာ ဒီကေဘီအေနဲ့ အစိုးရ တိုက်ပွဲ ပြင်းထန်

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီကေဘီအေတပ်ဖွဲ့ဝင်တွေ

ဒီကနေ့ စနေနေ့မှာ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ဒီကေဘီအေတွေ စခန်းတွေကို အစိုးရတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

မနက်ပိုင်းမှာ အစိုးရတပ်တွေက လှိုင်းဘွဲ့မြို့နယ် ကန်ညီနောင်ရွာကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် ဝင်ပစ်လို့ ရွာမီးလောင်သွားခဲ့ပါတယ်။

ဒီကေဘီအေတွေ မိုင်ကြီးငူနဲ့ ကမမောင်းဖက်ကို ဆုတ်ခွာလို့ အဲဒီဖက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြဝတီနဲ့ ကော့ကရိတ် အကြားက ဒီကေဘီအေ စခန်းကိုလည်း အစိုးရတပ်တွေက ဒီနေ့နေ့လည်က စလို့ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ကော့ကရိတ်နဲ့မြ၀တီကြားက အလယ်ဗိုလ်တဲဆိုတဲ့စခန်းကို အဝေး ကနေပစ်လိုက်တဲ့ မော်တာကျည်တွေ ပေါက်ကွဲပြီး၊ အရပ်သား ၃ ယောက်သေပြီး၊၈ ယောက်ဒါဏ်ရ တယ်လို့ကော့ကရိတ်မြို့ခံတွေကပြောပါတယ်။

အဲဒီဒေသဘက်ကို အစိုးရစစ်တပ် တပ်ရင်း ၃ ရင်းလောက် သွားနေပြီဖြစ်လို့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ အကဲခတ်တွေကပြောပါတယ်။