သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေး အခက်အခဲများ

eiti logo ဓာတ်ပုံ မူပိုင် capture
Image caption EITI အဖွဲ့ဝင်နိုင်ငံတခုအဖြ်စ မြန်မာနိုင်ငံ က လျှောက်လွှာ တင်ထား

သဘာ၀သယံဇာတများ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဆောင်ရွက်ရေးတွင် အခက်အခဲများ ရင်ဆိုင်နေရသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ က ဆိုပါသည်။

EITI ဟုအတိုကောက်ခေါ်ကြသည့် သဘာ၀သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တာ၀န်ခံမှုရှိရေး ဆောင်ရွက်နေသော အဖွဲ့သို့ မြန်မာနိုင်ငံမှ ၀င်ခွင့်ရရှိရေး လျှောက်လွှာ တင်သွင်းထားပြီး အစိုးရ သာမက ကုမ္ပဏီများ က ပါ ယင်းလုပ်ငန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တာ၀န်ခံမှု ရှိရေးအတွက် လုပ်ဆောင်ကြရန် မြန်မာနိုင်ငံ က ရည်မှန်းထားသည်။

ထိုရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရန် အတွက် EITI ကချမှတ်ထားသော လုပ်ထုံးလုပ်နည်းများ ကိုလိုက်နာရန် လိုအပ်ပြီး အရပ်ဖက်အဖွဲ့အစည်းများ က ယင်းလုပ်ငန်းများ ကို စောင့်ကြည့်လေ့လာ ဆန်းစစ်မှုများ ကို လည်း ခွင့်ပြုရသည်။

အရပ်ဖက်အဖွဲ့အစည်းများ က ရှမ်းပြည်နယ်အတွင်းရှိကျောက်မီးသွေးတွင်းလုပ်ငန်းများ၊ အချို့ဒေသများတွင် လုပ်ကိုင်နေကြသော ရွှေတူးဖော်ရေး လုပ်ငန်းများ အား စောင့်ကြည့် လေ့လာရာတွင် ကုမ္ပဏီများ နှင့် ဒေသခံအာဏာပိုင်များ က ခွင့်မပြုသည်များ ရှိကြောင်း MATA; Myanmar Alliance for Transparency and Accountability အဖွဲ့က အောက်မြန်မာပြည်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဇော်ထွန်း က ဘီဘီစီ ကို ပြောပါသည်။

သယံဇာတတူးဖော်ရေး လုပ်ငန်းများကြောင့် ထိခိုက်မှုမည်မျှရှိနေသလဲ ကို ဒေသခံများအကြားတွင် ဆန်းစစ်လေ့လာသောအခါ တူးဖော်ရေးလုပ်နေသည့် ဒေသခံနှင့် ကုမ္ပဏီများ အကြား ပြဿနာ ဖြစ်ရန် အရပ်ဖက် အဖွဲ့အစည်းများ က လုပ်နေသည်ဟု ကုမ္ပဏီများ က စွပ်စွဲကြသည် ဟု လည်း သူက ပြောသည်။

အစိုးရက EITI သို့၀င်ဖို့ ကြိုးစားနေသည့်ခြေလှမ်းများအား အားပေးမှုများလည်းရှိသလို လက်တွေ့တွင် အလုပ် မဖြစ်ပဲ အစီရင်ခံစာများတွင် သာ EITI ၏ လုပ်ထုံးလုပ်နည်းများ ကို လိုက်နာဆောင်ရွက်နေပါသည် ဟု တင်ပြ အစီရင်ခံမည့် အဖြစ်ကိုလည်း စိုးရိမ်နေမှုများ ရှိနေပေသည်။