KNU ကKAF ကရင်လက်နက်ကိုင်တပ်ဖွဲ့ ကို သဘောတူ

4_knu_304x171_bbc_
Image caption ကေအင်ယူ တပ်ဖွဲ့

အောက်တိုဘာလ ၁၃ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပြန်လည် ပေါင်းစည်းခြင်း သဘောတူညီချက် ကြေညာချက် ကို ကရင် အဖွဲ့အစည်း အကြီးဆုံး ဖြစ်တဲ့ KNU က အတည်ပြုလိုက်ပါပြီ။

ဒီ အကြောင်း နဲ့ ပတ်သက်ပြီးတော့ KNU တွဲဖက် အတွင်းရေးမှူး ၁ ဗဒိုသောသီဘွဲ က ဘီဘီစီ ကို ရှင်းပြရာမှာ ၁၃ ရက်နေ့ က ထုတ်ထားတဲ့ သဘောတူညီချက်ရဲ့ စာတမ်း ကို အခြေခံပြီး ပြောရမယ် ဆိုရင် KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ က၊ ဒီလုပ်ငန်းကို အကောင်အထည် ဖေါ်ပြီး ဒီ သတင်းထုတ်ပြန်တာပဲလို့ ယူဆတဲ့ အကြောင်း၊ တဖက်ကလည်း ပြည်သူလူထု ကြား မှာ သို့လော ၊သို့လော မဖြစ်ရလေ အောင်၊ ကာကွယ်ရေးဌာနကနေ ထပ်မံပြီး ၁၅ ကြိမ်မြောက် ကွန်ဂရက် က ဆုံးဖြတ်ချက် အရပဲ သူတို့ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ နားလည်တာ ကို ပြောပါတယ်။

ကော်သူးလေ တပ်မတော် KAF အဖြစ်၊ ကရင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ပြန်လည် ပေါင်းစည်း တဲ့ သဘော တူညီချက်တွေ ထဲမှာ၊ ဒီ ကော်သူးလေ တပ်မတော်အောက် က တဖွဲ့ဖွဲ့ကို ထိပါး၊ ကျူးကျော် စော်ကား လာရင်၊ တညီတညွတ်ထဲ ခုခံ တိုက်ခိုက်ဖို့ ဆိုတဲ့အပိုဒ် တပိုဒ် လည်း ပါနေပါတယ်။

ဒါကြောင့်လက်ရှိ DKBA နဲ့ KNU/KNLA-PC က ဗိုလ်မှူးကြီးစောတိုက်ဂါး တို့ နဲ့ အစိုးရ စစ်တပ် ကြား မှာ ပစ်ခတ်ကြတဲ့ အထိ တင်းမာမှု တွေရှိနေချိန် မှာ KNU ရဲ့ KNLA နဲ့ KNDO တို့ဟာ သွား ရောက် ပူးပေါင်း တိုက်ခိုက်တာမျိုး မဟုတ်ပဲ ပြဿနာ ကို ဝိုင်းဝန်း ဖြေရှင်းပေးမဲ့ သဘောလို့ ဗဒိုသောသီဘွဲ က ပြောပါတယ်။

နောက်ပြီးတော့၊ အောက်တိုဘာလ ၁၄ ရက် ညနေ က ထုတ်ပြန်တဲ့ KNU ကာကွယ်ရေးဌာန ရဲ့ ကြေငြာချက် မှာ ကော်သူး လေတပ်မတော် KAF အနေ နဲ့ ကရင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တွေ ပြန်လည် ပေါင်းစည်းရာ မှာ လက်မှတ် ရေးထိုးတဲ့ KNU အရာရှိတွေ ဟာ သူတို့ရဲ့ သဘောထား အမြင်အပေါ် မှာသာ လုပ်ဆောင် ခြင်း ဖြစ်တယ် လို့ ဆိုပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး က တော့၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းနဲ့တွေ့ဆုံ ဆွေးနွေး အဖြေရှာသွား မယ်လို့ ဖေါ်ပြထားတာဟာ၊ KNUအဖွဲ့အတွင်း သဘောထား ကွဲလွဲတာ မဟုတ်ပဲ တာ၀န် အရ ခွဲပြီး လုပ်ဆောင်ခြင်း သာ ဖြစ်တယ်လို့ KNU တွဲဖက်အတွင်းရေး မှူး ၁ ဗဒို သောသီဘွဲ က ဘီဘီစီ ကို ပြောပါတယ်။