ဖားကန့် အခြေအနေ ဒေသခံတွေ စိုးရိမ်

phakant ဓာတ်ပုံ မူပိုင် Reuters
Image caption ဖားကန့်ကျောက်တူး အလုပ်သမားများ

ကချင်ပြည်နယ် ဖားကန့်ဒေသတဝိုက်မှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်ရင်း ၆ ကို အစိုးရစစ်တပ်က ဆုတ်ခွာပေးဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ အချိန် ကျော်လွန်လာပေမယ့် ကေအိုင်အေက ဆုတ်မပေးတဲ့အတွက် အနီးတဝိုက်မှာ နေထိုင်တဲ့သူတွေဟာ စိုးရိမ်နေကြပါတယ်။

ဖားကန့်နဲ့ ၁၀ မိုင်ကျော်လောက်ဝေးတဲ့ ကံစီးနဲ့ ဆိုင်းလာရွာပတ်ဝန်းကျင်တွေမှာ အခြေစိုက်တဲ့ အစိုးရစစ်တပ်က ဒေသခံတွေကို အထုပ်အပိုးပြင်ထားဖို့ သတိပေးတာတွေ ရှိလာလို့ ဒေသခံတွေ စိုးရိမ်ပြီးတော့ နေရာကခွာဖို့ ပြင်နေကြပါတယ်။

ကေအိုင်အေဖက်ကလည်း နောက်ဆုတ်ပေးဖို့အခြေအနေ မရှိတာကြောင့် နောက်ရက်တွေမှာ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာဖြစ်ပါတယ်။

ဒီနေရာဟာတချိန်က ကေအိုင်အေတပ်တွေ အခြေစိုက်ခဲ့ဖူးတဲ့နေရာဖြစ်ပြီး အရင်နှစ်တွေကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာတော့ အစိုးရ စစ်တပ်ကသိမ်းထားခဲ့ပါတယ်။

အခု တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေ နေရာယူထားပြီးတော့ မလှမ်းမကမ်း ဥရုချောင်းတဖက်ကမ်းမှာတော့ ကေအိုင်အေက နေရာယူထားတာပါ။

လက်ရှိအဲဒီဒေသတဝိုက်မှာဖြစ်နေတဲ့ အခြေအနေကို ဖားကန့်ဒေသခံ ခရစ်ယာန် ဓမ္မဆရာတယောက်ကတော့ တကယ်လို့သာ တိုက်ပွဲဖြစ်မယ်ဆိုရင် တိုက်ပွဲဖြစ်နိုင်တဲ့ ဒေသတဝိုက်က ကျေးရွာတွေက ဒေသခံတွေနဲ့ တနိုင်တပိုင်ကျောက်တူးနေသူ ၃ထောင်ကျော်လောက် ထိခိုက်နိုင်ပြီး ဖားကန့်ပတ်ဝန်းကျင်မှာ နေတဲ့သူအားလုံးဟာလည်း စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်နိုင်တဲ့ နေရာတဝိုက်မှာရှိနေတဲ့ ဒေသခံတွေကတော့ တကယ်လို့ တိုက်ပွဲတွေဖြစ်ခဲ့ရင် အရင်နှစ်ကတိုက်ပွဲတွေကြောင့်ဖားကန့်နဲ့ လုံးခင်းမှာဖွင့်ထားတဲ့ စစ်ရှောင်ဒုက္ခသည်စခန်းတွေကို သွားနေဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။