ဖားကန့်မှာ မိုင်းကွဲလို့ လူ ၃ ဦး ဒဏ်ရာရ

kachin ဓာတ်ပုံ မူပိုင် Reuters
Image caption ကျောက်စိမ်းထွက်တဲ့ ဖားကန့်နယ်မြေ

အစိုးရ စစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ် (ကေအိုင်အေ) တိုက်ပွဲဖြစ်ဖို့ ဟန်ပြင်နေတဲ့ ဖားကန့် ဒေသက ရွာတရွာ မှာ စနေနေ့ ညနေ ပိုင်းက မိုင်းကွဲလို့ လူ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ပါတယ်။

ဖားကန့်နဲ့ ၁၆ မိုင် လောက် ဝေးတဲ့ ကံစီးရွာ တွဲဖက် အတန်းကျောင်း နောက်မှာ မိုင်းတလုံး ပေါက်ကွဲ ခဲ့လို့ ဒေသခံ မိသားစု ၃ ဦး ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရသွား ပါတယ်။

လက်ရှိ ကံစီးရွာ ပတ်ဝန်းကျင် မှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရ တပ်ရင်း တွေက နေရာယူ ထားပြီး တော့ မလှမ်းမကမ်း ဥရုချောင်း တဘက် မှာတော့ ကေအိုင်အေ တပ်ရင်း ၆ က တပ်စွဲ ထားပါတယ်။

ကံစီးရွာထဲမှာ ပေါက်ကွဲလို့ ကေအိုင်အေ မဝင်အောင် တပ်က ထောင်တဲ့ မိုင်းလို့လည်း ဆိုကြပါတယ်။

ကံစီးမှာ ကွဲခဲ့တဲ့ မိုင်းဟာ ဘယ်လို အမျိုးအစားလဲ ဘယ်သူ့ လက်ချက် ဖြစ်နိုင်လဲ ဆိုတာ သွားစစ်ဆေးလို့ မလွယ်သေးလို့ သိနိုင်ဖို့ ခက်တယ်လို့ လုံးခင်း ရဲစခန်းက ဆိုပါတယ်။ လတ်တလော အနေအထား ကို ရဲတပ်ဖွဲ့ ကလည်း စောင့်ကြည့် ပြီး အသင့် အနေအထား နေပေးနေရ တယ်လို့ လည်း လုံးခင်း ရဲစခန်းက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အဓိက နေရာတွေ မှာတော့ အထုပ်အပိုးနဲ့ ဘယ်မှ မသွား မလာရ တားထားလို့ အစိုးရ စစ်တပ် က တားမြစ် ထားလို့ ဒေသခံတွေ ရိက္ခာ အခက်ခဲတွေ ဖြစ်နေတယ် လို့ သိရပါတယ်။ လက်ရှိ အခြေအနေ မှာ စစ်ရေးပြင်တဲ့ အနေနဲ့ အစိုးရ တပ်ဘက် ကလည်း လက်နက် ရိက္ခာတွေ ရှေ့တန်းကို ပို့နေသလို ကေအိုင်အေ ဘက်ကလည်း အသင့် အနေအထား နဲ့ စောင့်ဆိုင်း နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်က ဖားကန့် ပတ်ဝန်းကျင် မှာ ရှိနေတဲ့ တပ်မ ၆၆ တပ်မမှူးက ကေအိုအေ တပ်ရင်း ၆ ကို နောက်ဆုတ် ပေးဖို့ အကြောင်း ကြားစာ ပို့ခဲ့ပေမယ့် ဒီနေ့အထိ ကေအိုင်အေက ဆုတ်မပေးလို့ အခြေအနေ တင်းမာ နေတာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်နိုင်တဲ့ နေရာ တဝိုက် မှာရှိနေတဲ့ ဒေသခံ တွေက တော့ တကယ်လို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရင် အရင်နှစ်က တိုက်ပွဲတွေကြောင့် ဖားကန့်နဲ့ လုံးခင်းမှာ ဖွင့်ထားတဲ့ စစ်ရှောင် ဒုက္ခသည် စခန်းတွေကို သွားနေဖို့ ပြင်ဆင် ထားတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ