ထိုင်းရဲတွေ အစိုးရသက်သေကို ရိုက်နှက်ညှင်းပန်းခဲ့

Image caption စွပ်စွဲခံ မြန်မာအလုပ်သမား၂ ဦးရဲ့ မိဘတွေ ဘန်ကောက်ရောက်

ထိုင်းလူ့အခွင့်ရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီနဲ့ ထိုင်းမီဒီယာတွေဟာ ကော့တောင်ကျွန်းမှာ ဗြိတိသျှ လူမျိုး၂ ဦး ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာအလုပ်သမား မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ အရင် ထိုင်းအစိုးရ သက်သေ ဖြစ်တဲ့ မောင်မောင် နဲ့ မြန်မာသံရုံးက ဒီအမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းရေး အဖွဲ့ဝင် တွေကို ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ဆုံ မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။

ထိုင်းလူ့အခွင့်ရေးကော်မရှင်က မောင်မောင်ကို ရဲတွေရဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မောင်မောင်က သူကို နောက်ပြန်လက်ထိပ်ခတ်ပြီး၊ ပေါင်ကို တယောက် တဘက်စီက နင်းထားခဲ့သလို ပုခုံးနဲ့ ခေါင်းကိုလည်း တယောက်စီက နင်းထားခဲ့တယ်လို့ ပြောပြခဲ့ကြောင်း တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ အထူးစုံစမ်းရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြန်ပြောပြပါတယ်။

ကန်ကျောက်တာတွေကြောင့် နှုတ်ခမ်းကွဲသွားပြီး ၃ ရက် ချုပ်ထားစဉ် အစားအသောက် အနည်းအကျဉ်းလောက်ပဲ ပေးခဲ့ပြီး နှိပ်စက်ညှင်းပန်းမှုတွေ ခံခဲ့ရတယ်လို့ လည်း ကိုမောင်မောင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းလူ့အခွင့်ရေးကော်မရှင်နဲ့ ထိုင်းရှေ့နေများကောင်စီဟာ မိဘတွေကိုလည်း သူတို့ သိလိုတာတွေ မေးမြန်းခဲ့ပါတယ်။

ထိုင်းလူ့အခွင့်ရေးကော်မရှင်က သူတို့ဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်ပြီး အစိုးရဆီကို တင်ပြမယ်၊ အမှန်ကန်ဆုံးဖြစ်အောင် လုပ်မယ်လို့ ပြောခဲ့တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

စွပ်စွဲခံ လူငယ်တွေရဲ့ မိဘတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ဘန်ကောက်ကို ရောက်ရှိနေတာ ဖြစ်ပြီး ထိန်းသိမ်းခံနေရတဲ့ သား၂ ဦးနဲ့ တွေ့ဆုံခွင့်ရအောင် မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေး ဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။

မြန်မာအစိုးရဟာ အရင်တုံးက ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ပတ်သက်လို့ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့တာမျိုးမရှိလို့ အဲဒါကို အခွင့်ကောင်းယူပြီး ထိုင်းရဲတွေက အခုလို မြန်မာအလုပ်သမားတွေကို စွပ်စွဲတာမျိုး လုပ်ခဲ့တာလို့ လူအတော်များများက ယူဆနေကြတယ်ကြောင်း ဦးကျော်သောင်းက ပြောပါတယ်။

ဒါပေမယ့် အခု အလုပ်သမားလေးတွေ ကိစ္စမှာ မြန်မာအစိုးရက ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်တာမျိုး လုပ်လာတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အားတက်ဖွယ်ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတင်မက တခြားနိုင်ငံတွေ မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို အခုလိုပဲ မြန်မာအစိုးရအနေနဲ့ ပါဝင်ကူညီတာမျိုး ပိုမိုလုပ်ဆောင်သင့်တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းကပြောခဲ့ပါတယ်။