လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းရေး ကော်မတီ UNDO ဖွဲ့

ဓာတ်ပုံ မူပိုင် san zaw htwe facebook
Image caption ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ကို NLD အမတ်ဟောင်းတွေ ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့ခဲ့

စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဖေါ်ထုတ်ဖို့ NLD အမတ်ဟောင်းတွေ၊ ပါတီဝင်ဟောင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ ( UNDO )က ဦးဆောင်ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု ဆိုင်ရာ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့စည်း ဖေါ်ထုတ် သွားမယ်လို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်အတွင်းရှိ ယုဒဿန်ခန်းမတွင် ပြုလုပ်သော ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO)ရဲ့ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ရေး ဆွေးနွေးပွဲမှာ အခုလို ထုတ်ပြန် ကြေညာလိုက်တာပါ။

ဒီကော်မီတီ အနေနဲ့ စစ်အစိုးရ လက်ထက်တွေတုန်းက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း ဖေါ်ထုတ်ပြီး မှတ်တမ်း ပြုစု သွားမှာ ဖြစ်ကြောင်း၊ ဒါမှ လက်ရှိ အစိုးရရော၊ နောင်တက်လာမယ့် အစိုးရ အဆက်ဆက် ရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်နိုင်အောင် သင်ခန်းစာ ပေးတဲ့ အနေနဲ့ သမိုင်း မှတ်တမ်း တင်ဖို့ လုပ်တာ ဖြစ်ကြောင်း UNDO အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ဘီဘီစီကို ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေကို လိုက်လံ မေးမြန်းပြီး သူတို့ရဲ့ လူ့ဂုဏ်သိက္ခာ၊ ဘဝတည်ဆောက်ခွင့်၊ ကုစားခွင့်၊ သက်သာခွင့်တွေ ပြန်လည် ရရှိရေးအတွက် ဒီကော်မီတီက အတတ်နိုင်ဆုံး ဆောင်ရွက် သွားမှာ ဖြစ်သလို တာဝန်ရှိတဲ့သူတွေကိုလည်း မေးမြန်းသွားမယ် လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

အဲဒီ ကော်မီတီထဲမှာ သံဃာတော်တွေ၊ နိုင်ငံရေး ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ပြင်ပ နိုင်ငံရေး အဖွဲ့က ပုဂ္ဂိုလ်တွေ၊ ဥပဒေ၊ ကျန်းမာရေး၊ သတင်း မီဒီယာ၊ အနုပညာ စတဲ့ ဘက်ပေါင်းစုံက ပါဝင်သင့် ပါဝင်ထိုက်သူတွေနဲ့ ဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ လည်း သူက ပြောပါတယ်။

သူတို့လုပ်ငန်းတွေကို ကြေငြာချက် ထုတ်တဲ့ရက်ကစပြီး ပြီးဆုံးရက် သတ်မှတ်ချက် မရှိဘဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။