မြန်မာ​ပြည်​က ဒုက္ခ​သည်​တွေ အတွက် ဆန်​ကိုယ်​တာ လျှော့

_wfp_ ဓာတ်ပုံ မူပိုင် BBC World Service
Image caption WFP မှာ ငွေလိုအပ်နေလို့ မြန်မာ ဒုက္ခသည် စခန်းကို ဝေနေတဲ့ ဆန် ပမာဏ လျှော့ပေးမယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဉ် အဖွဲ့ WFP မှာ ဘဏ္ဍာရေးဆိုင်ရာ လိုငွေတွေ ပြနေတဲ့ အတွက်၊ မြန်မာပြည်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို ပေးနေကျ ဆန် ပမာဏတွေကို နိုဝင်ဘာ လထဲမှာ ၂၀ ရာခိုင်နှုန်း အထိ လျှော့ချ သွားမယ် လို့ အဲဒီ့ အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ဒီလို လျှော့ချမှုကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ရွာပုန်း ရွာရှောင် ဒုက္ခသည် ၇သောင်း လောက်နဲ့ ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်ပေါင်း သိန်းချီ ထိခိုက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ WFP က ဆောင်ရွက်နေတဲ့ စီမံကိန်းတွေအတွက် လာမယ့် ၂၀၁၅ခု ဖေဖေါ်ရီလအထိ အမေရိကန် ဒေါ်လာ ၈သန်းလို အပ်နေလို့ အခုလို လျှော့ချရတာ ဖြစ်တယ် ဆိုပြီး WFP ပြောခွင့်ရ ပုဂ္ဂိုလ် Emilia Casella က ဆိုပါတယ်။

ဒုက္ခသည် တွေကို အခု လက်ရှိ ဆန် ၁၃.၅ ကီလိုဂရမ် ပေးနေရာ ကနေ ၁၀.၈ ကီလိုဂရမ်ပဲ ပေးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီတို့ ပဲတို့နဲ့ မိခင်နဲ့ ကလေးတွေကို ပေးနေတဲ့ အဟာရ တွေကိုတော့ လျှော့ချမှာ မဟုတ်ပါဘူး။

မြန်မာ နိုင်ငံအတွက် စားနပ် ရိက္ခာ အကူအညီ ထပ်ရဖို့ ငွေကြေး ထောက်ပံ့မယ့် အလှူရှင် တွေကို မေတ္တာ ရပ်ခံ ထားကြောင်း နဲ့၊ တကယ်လို့ အလှူရှင် ထပ်ရ လာရင်တော့ အခုလို မြန်မာ နိုင်ငံထဲက ဒုက္ခသည်တွေကို ဆန်၂၀ ရာခိုင်နှုန်း လျှော့ချပြီး ဝေငှရတာ ယာယီသာ ဖြစ်လိမ့်မယ် လို့ ထင်ကြောင်းလည်း Ms Casella က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ