၂၀၁၅ မှာ ရခိုင်ပြည်နယ် တစ်ခုလုံး နိုင်ငံသား စိစစ်မယ်

Muslims ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာ ဆိုရင် နိုင်ငံသား စိစစ်မှု လုပ်မှာ မဟုတ်

ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံသား စိစစ်ရေးကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီမံချက်တွေ ရေးဆွဲနေပါတယ်။

ဒီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ရခိုင်ပြည်နယ်ကို ရောက်လာစဉ် ညွှန်ကြား ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်း မွတ်ဆလင်တွေ အပေါ် နိုင်ငံသား စိစစ်မှု ပြုလုပ်ဖို့ စီမံချက်တွေကို စတင် ရေးဆွဲနေပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ အဖွဲ့တွေ ဖွဲ့၊ သင်တန်း ပေးဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ ရခိုင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

အခု ရေးဆွဲနေတဲ့ စီမံချက်ကို ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနကို ဆက်လက် တင်ပြမယ်လို့ လည်း သူက ပြောပါတယ်။

အခုချိန်ထိ မြေပုံမြို့နယ် တစ်ခုတည်း ကိုသာ မွတ်ဆလင်တွေကို နိုင်ငံသား စစ်ဆေးမှု လုပ်နိုင်ခဲ့ပြီး လူပေါင်း ၃၈၃ ဦးကို နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူ အဖြစ် အသိအမှတ် ပြုခဲ့ပါတယ်။

နိုင်ငံသား စိစစ်မူကို မြေပုံမှာ စမ်းသပ် အစီအစဉ် အရ လုပ်ဆောင်နေပြီး မွတ်ဆလင် အများစု နေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ နေထိုင်သူတွေကို အခုအချိန်ထိ တစ်စုံ တစ်ရာ စတင် စိစစ်နိုင်ခြင်း မရှိသေး သလို နိုင်ငံသား စိစစ်ပေးဖို့ တင်ပြထားတဲ့ ဘင်္ဂါလီ လည်း တစ်ယောက်မှ မရှိသေးဘူးလို့လည်း ဦးခင်စိုးက ပြောပါတယ်။

စစ်ဆေးတဲ့ အခါမှာလည်း ဘင်္ဂါလီ လူမျိုး အနေနဲ့ လျှောက်ထား သူတွေကိုသာ စစ်ဆေးပေးမှာ ဖြစ်ပြီး ရိုဟင်ဂျာလို့ ဆိုသူတွေကိုတော့ စစ်ဆေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

စီမံချက် ရေးဆွဲနေတုန်း ဖြစ်တဲ့ အတွက် နိုင်ငံသား အဖြစ် အသိအမှတ်ပြု မခံရ သူတွေရဲ့ ကံကြမ္မာကိုတော့ ထုတ်ဖေါ် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ