အပစ်ရပ်အပြီး နိုင်ငံရေးဆွေးနွေးပွဲ ပါမယ့် အဖွဲ့ ၄ခုကို PPIC အတည်ပြု

ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption တနိုင်ငံလုံး အပစ်ရပ်ရေး ဆက်လက် ဆွေးနွေးနေကြရဆဲ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲအပြီး နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ အဖွဲ့အစည်း ၄ ခုကို နိုင်ငံရေး ပါတီ ၅၆ ပါတီပါ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေးဆွဲရေး ကော်မတီ PPIC က တနင်္လာနေ့ မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အတည်ပြု လိုက်ပါတယ်။

အဲဒီ အဖွဲ့အစည်းတွေကတော့ အစိုးရနဲ့ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ တပ်မတော် စတဲ့ အဖွဲ့အစည်း ၄ခု ဖြစ်တယ်လို့ PPIC အဖွဲ့ဝင် ဦးစောသန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒီအစုအဖွဲ့တွေကို ၂၅ရာခိုင်နှုန်းစီ အညီအမျှ ပါဝင်ခွင့် ရှိရမယ်လို့လည်း ဆိုပါတယ်။

ဆွေးနွေးရမယ့် အကြောင်းအရာတွေကို နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ ဆိုပြီး ကဏ္ဍကြီး ၃ရပ် ခွဲခြားထားကြောင်းနဲ့ နိုင်ငံရေး ကဏ္ဍ အောက်မှာတော့ ဖက်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသားနှင့် နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံခြားရေး မူဝါဒ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲ ဆိုင်ရာ အထွေထွေ ကိစ္စရပ်များ ဆိုပြီး အပိုင်းလိုက် ခွဲထားတယ်လို့ သိရပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ကို တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကရော တပ်မတော် ဘက်ကပါ လိုလားနေတာကြောင့် တိုင်းရင်းသား ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ NCCT နဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်း ကော်မီတီ UPWC တို့အကြား အခုတခေါက် တွေ့ဆုံ ဆွေးနွေးတဲ့ အခါ အဆင်ပြေနိုင်တယ်လို့ ဦးစောသန်းမြင့်က ပြောပါတယ်။