အာဆီယံ ဆွေးနွေးပွဲ အတွက် လုံခြုံရေး အထူး တင်းကျပ်

Image caption လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နေရာ အနှံ့ ချထားပြီး အဝင်အထွက် ဂိတ်တွေမှာ စောင့်ကြပ် စစ်ဆေးနေ

မြန်မာနိုင်ငံမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ကျင်းပတော့မယ့် အာဆီယံ ထိပ်သီး အစည်းအဝေးကြီး အတွက် လုံခြုံရေးတွေ အထူး ပြင်ဆင်ထားပါတယ်။

လမ်းဆုံ လမ်းခွတွေမှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတာ တွေ့ရတယ်လို့ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲမှုးကြီးတွေနဲ့အတူ လိုက်ပါ သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပါတယ်။

မီတာ ၅၀ - ၁၀၀ ကြားမှာ ရဲ တပ်ဖွဲ့တွေ ပါဝင်တဲ့ ကင်းလှည့် ယာဉ်တွေ နဲ့ လှည့်လည် စောင့်ကြပ် နေတယ်လို့လည်း ဆိုပါတယ်။

နေပြည်တော် လေဆိပ် လုံခြုံရေးအတွက် Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ မိုင်းဗုံး ရှာဖွေရေး စက်တွေ တပ်ဆင်ထားပြီး လေဆိပ်ကို ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တော်တွေ၊ ပြည်တွင်း ခရီးသွားတွေရဲ့ ခရီးသွား လက်မှတ်တွေကို Interpol ဆီက data အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ နေပြည်တော် လေဆိပ် တာဝန်ယူထားတဲ့ လေကြောင်း ရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး လင်းဦးက ပြောပြပါတယ်။

အာဆီယံ အစည်းအဝေး ကျင်းပမယ့် MCCI ခန်းမ ဝန်းကြီးကိုလည်း ဗဟိုစည်း၊ အတွင်းစည်း၊ အနီးစည်း၊ အပြင်စည်း ဆိုပြီး အပိုင်း ၄ပိုင်း ခွဲပြီး လုံခြုံရေးတွေ ချမှတ် ဆောင်ရွက်နေတယ်လို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

MCCI ခန်းမ ဝန်းကြီးထဲ ဝင်မယ့် ဂိတ်ပေါက်တွေမှာလည်း အတားအဆီးတွေ ချထားပြီး ဝင်ခွင့် ကတ်တွေနဲ့မှ ဝင်နိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။