အရပ်ဖက် လူမှု အဖွဲ့တွေနဲ့ သမ္မတ အိုဘားမား တွေ့

ဓာတ်ပုံ မူပိုင် AFP
Image caption အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ မပါပဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းတွေ မချမှတ်သင့်ဘူးလို့ သမ္မတ အိုဘားမားပြော

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝန်း အတွင်းမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီးတဲ့နောက် ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန် သံရုံးမှာ အရပ်ဖက် လူ့မှု အဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့ပါတယ်။

သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ သူတွေထဲမှာ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ၊ တိုင်းရင်းသား အရေး လှုပ်ရှားနေသူ တွေနဲ့အတူ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့၊ စာနယ်ဇင်း အဖွဲ့တို့ အပြင် အစ္စလာမ် ဘာသာဝင် တွေဘက် ကလည်း ပါသလို တောင်သူ လယ်သမား အရေး လှုပ်ရှားနေ သူတွေ ပါဝင်တဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်း ၁၅ဖွဲ့က ကိုယ်စားလှယ် တွေလည်း ပါဝင်ပါတယ်။

တနာရီခွဲနီးပါး တွေ့ဆုံခဲ့စဉ်အတွင်း သမ္မတ အိုဘားမားဘက်က သိချင်တာတွေ မေးခဲ့သလို အရပ်ဖက် အဖွဲ့အစည်းတွေ ဘက်ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးမှာ အနှောင့်အယှက် ဖြစ်နေတဲ့ လက်ရှိ အခြေအနေတွေကို ပြောပြခဲ့ကြပါတယ်။

အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ မပါပဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်း ချမှတ်ဖို့ မသင့်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်ကို သူပြောခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြန်ပြောပြကြောင်း Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦအောင်မျိုးမင်းက ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသား အရေး ကိစ္စ၊ တနိုင်ငံလုံး အပစ်ရပ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် အရင် မချုပ်ပဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လို့ ရတယ်လို့ သမ္မတ အိုဘားမား ပြောသွားတာနဲ့ ပတ်သက်လို့တော့ ဘဝင် မကျမိကြောင်း အဲဒီ တွေ့ဆုံပွဲကို တိုင်းရင်းသား လူမျိုးရေးရာ သုတေသန အသင်း ကိုယ်စား တက်ခွင့်ရတဲ့ ဒေါက်တာ ဆလိုင်း လျန်မုန်း က ဘီဘီစီကို ပြောပါတယ်။

သမ္မတ အိုဘားမားက အမေရိကန်အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ တိုးတက် ပြောင်းလဲတာ အသိအမှတ် ပြုသလို နှောင့်နှေးမှုတွေ ရှိတာကိုလည်း စောင့်ကြည့်နေတဲ့အကြောင်း ပြောသွားပါတယ်။