ပညာရေး ဥပဒေ ကန့်ကွက်မှုတွေကို ထောက်ခံကြောင်း NNER ပြော

ဓာတ်ပုံ မူပိုင် Dr Thein Lwin FB
Image caption ပညာရေး ဥပဒေက နည်းလမ်း မကျတဲ့အတွက် ကျောင်းသားတွေ ဆန္ဒပြရတာ ဖြစ်တယ်လို့ ဒေါက်တာ သိန်းလွင် ပြော

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ကျောင်းသား အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို စနေနေ့မှာ ကျင်းပခဲ့တဲ့ NNER မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

အမျိုးသား ပညာရေး ဥပဒေမှာ ပါတဲ့ အချက်တွေထဲမှာ ဒီမိုကရေစီ မကျတာ၊ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်တာ၊ ပညာရေး လွတ်လပ်ခွင့်ကို ထိခိုက်တာတွေ ဖြစ်နေတာကြောင့် ကျောင်းသားတွေ ကန့်ကွက် ဆန္ဒပြရတာ ဖြစ်တယ်လို့ NNER တာဝန်ခံ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တုန်းက ပညာရေး ဥပဒေ အပါအဝင် တခြား ဥပဒေတွေကို ပြည်သူတွေ မပါပဲ အစိုးရက တဘက်သတ် ချုပ်ကိုင်ပြီး ရေးဆွဲခဲ့တယ် ဆိုတာကို တင်ပြနိုင်ခဲ့ကြောင်းနဲ့ သမ္မတ အိုဘားမားကလည်း လူထု ပါဝင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် မြန်မာ အစိုးရကို တိုက်တွန်း ပြောသွားမယ်လို့ ပြန်ပြောခဲ့ကြောင်း ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

NNER ရဲ့ အစည်းအဝေးမှာ လာမယ့် ဒီဇင်ဘာလမှာ ပညာရေး ဆွေးနွေးပွဲ တခု ကျင်းပနိုင်ရေးနဲ့ အဲဒီ ဆွေးနွေးပွဲ ကျရင် ပညာရေး ပြုပြင် ပြောင်းလဲမှုမှာ ဆရာတွေက ဘယ် အခန်းကဏ္ဍက ပါဝင်သင့်သလဲ ဆိုတာကို အဓိကထား ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။