ရန်ကုန် မှာ ကျောင်းသား သမဂ္ဂ တွေ ဆန္ဒပြ

student_myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့တော် ခန်းမရှေ့မှာ စတင် ဆန္ဒပြ

အစိုးရ ပြဋ္ဌာန်း ထားတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို မကျေနပ်လို့ ရန်ကုန် မြို့မှာ ဗကသ၊ တကသ နဲ့ မြေလတ် ဒေသ ကျောင်းသား သမဂ္ဂ တွေ ပူးပေါင်းပြီး ဆန္ဒပြ နေတာ ဒုတိယ မြောက် နေ့ ရောက်ရှိ နေပြီ ဖြစ် ပါတယ်။

သောကြာ နေ့က မြို့တော် ခန်းမရှေ့မှာ စပြီး ဆန္ဒပြ ခဲ့ကြပါတယ်။

ဒီနေ့ မနက်မှာ တော့ ရန်ကုန် တက္ကသိုလ်မှာ တက္ကသိုလ် အာဏာပိုင်တွေ တားဆီး ပိတ်ပင်မှု ကြားက တံခါးကို ကျော်တက် ဝင်ပြီး ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဟောင်း နေရာမှာ ချီတက် အလေးပြု ခဲ့ကြပါတယ်။

ဒီဆန္ဒပြ ပွဲမှာ ကျောင်းသား အင်အား ၃ဝဝ လောက် ထိ ပူးပေါင်း ပါဝင်ခဲ့ကြတယ် လို့ သိရပါတယ်။

ကျောင်းသား သမဂ္ဂတွေ အနေနဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ဥပဒေ ကြမ်း အဆင့် ထဲက ကန့်ကွက် ခဲ့ပေမယ့် ဒီကန့်ကွက် ချက် တွေကို ထည့်သွင်း စဉ်းစား အကြောင်းပြန် တာတွေ မရှိလို့ ဒီ ဆန္ဒပြ တဲ့ နည်းကို ရွေးခဲ့ရတယ်လို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို လုပ်ငန်း ကော်မတီ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ် က ပြောပါတယ်။

ဆန္ဒပြ အဖွဲ့ ဟာ ညနေစောင်းမှာ အင်းယား ကန်ဘောင်က တံတားဖြူ ရှေ့ထိ ချီတက် ခဲ့ကြပါတယ်။

တနင်္ဂနွေ နေ့မှာလည်း ၁၉၂ဝ က တက္ကသိုလ် ပညာရေး ဥပဒေ ကို ကန့်ကွက် ခဲ့ကြတဲ့ အမျိုးသား အောင်ပွဲ နေ့ အထိမ်းအမှတ် ရွှေတိဂုံ စေတီမှာ ချီတက် ဆန္ဒပြဖို့ ရှိတယ်လို့ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ