ရွေးကောက်ပွဲထိ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပဲ သွားမယ်

Thura Shwe Mann ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။

နေပြည်တော်က ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သူရ ဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အပြီးသတ် ဆုံးဖြတ်ဖို့ ရှိပြီး၊ အဲဒီရလဒ်ကတဆင့် နောက်လွှတ်တော်မှာ ဥပဒေကြမ်းတွေ ထွက်လာမယ်၊ အဲဒီဥပဒေတွေထဲက တချို့အတွက် ၂၀၁၅ မေလမှာ လူထု ဆန္ဒခံယူပွဲ လုပ်မယ်၊ ပြင်ဆင်ချက်တွေ အသက်ဝင်ဖို့ဆိုရင်တော့ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ကနေသာ လုပ်နိုင်မယ်လို့ ဦးရွှေမန်းက ပြောပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ သူရ ဉီးရွှေမန်းက သူ့ပါတီအနေနဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းနေပေမယ့် အထူးသဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ လက်တွေ့မှာတော့ တပ်မတော်က ခွင့်ပြုသလောက်သာ ဖြစ်လာမှာလို့လည်း သူက ပြောပါတယ်။

''အောင်မြင်ဖို့အတွက်ကတော့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေကို ဦးဆောင်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြီးတဲ့အခါမှာ အစိုးရအဖွဲ့၊ အစိုးရအဖွဲ့ကို ခေါင်းဆောင်တဲ့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့လည်း တကယ်တမ်း ကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ ဩဇာရှိသူ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အောင်မြင်ရေး မအောင်မြင်ရေးဟာ သူတို့အပေါ် တည်တယ်လို့ပဲ ပြောချင်ပါတယ်။''

ပုဒ်မ ၄၃၆ ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးမှာ အဓိကအကျဆုံး ပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်။

NLD အပါအဝင် နိုင်ငံရေးအင်အားစု အများအပြားက ၄၃၆ လို အရေးကြီးတဲ့ ပုဒ်မတွေကို ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြင်ဆင်နိုင်ဖို့လိုတယ်လို့ ပြောထားကြပါတယ်။

NLD ပါတီက ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်ကတော့ တကယ်လို့သာ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ပြင်နိုင်မယ်ဆိုရင် လက်ရှိ ကြိုးပမ်းနေမှုတွေက အလဟဿ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တွေ့ဆုံဆွေးနွေးနိုင်ရင်၊ ၄၃၆ ပြင်နိုင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန် မပြင်ဆင်နိုင်စရာ အကြောင်းမရှိဘူးလို့လည်း ဆိုပါတယ်။

သူရ ဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း သူကိုယ်တိုင်လည်း သမ္မတဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။