ဒေါ်လာစျေးကစားတဲ့ ဘဏ်တွေကို ဗဟိုဘဏ် သတိပေး

burma_bank ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်လာစျေးကျအောင် အရံ နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀ ထုတ်ရောင်း ပေးခဲ့တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

မြန်မာပြည်တွင်း မှာ နိုင်ငံခြားငွေ လိုအပ်ချက် ကြောင့် ဒေါ်လာစျေး မြင့်တက် နေခဲ့တာမှာ တချို့ ပြည်တွင်း စီးပွားရေး ကုမ္ပဏီတွေ နဲ့ ဘဏ်တွေကလည်း ငွေစျေး ကစားခဲ့တဲ့ အတွက် ဗဟိုဘဏ် ကနေ သတိ ပေးမှုတွေ ပြုလုပ် ခဲ့ရပါတယ်။

ဗဟိုဘဏ် ရဲ့ ဒေါ်လာပေါက်စျေး သတ်မှတ်နှုန်းရဲ့ ဝ.၈% အတိုး အလျှော့ လုပ်ပြီးပဲ ဒေါ်လာ အရာင်းအဝယ် လုပ်ရမယ် ဆိုတဲ့ စည်းမျဉ်း ရှိပေမယ့်၊ တချို့ဘဏ်တွေက စျေးနှုန်းမြင့် လာခဲ့လို့ သတိပေးစာ ထုတ်ခဲ့ရတယ် ဆိုပြီး ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ရုံးဖွင့်ရက်တွေမှာ ဗဟိုဘဏ် ပေါက်စျေးနဲ့ လေးငါးဆယ်ခွာပြီး တစ်ဒေါ်လာကို ၁၀၈၀ ကျပ် စျေး အထိ အရောင်းအဝယ် လုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဒေါ်လာစျေးတက်ပြီး ကျပ်ငွေ တန်ဖိုး ကျဆင်းနေတာကို ကိုင်တွယ်ဖို့ ဗဟိုဘဏ် အနေနဲ့ နိုင်ငံခြား အရံငွေ ဒေါ်လာ သန်း ၈၀ လောက် ပုဂ္ဂလိက ဘဏ်တွေကို ထုတ်ရောင်း ပေးခဲ့တယ် လို့လည်း သိရပါတယ်။

လက်ရှိ စံနစ်အရ နိုင်ငံခြားငွေ ပေါက်စျေးကို နေ့စဉ် ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေ အသွင်းအထုတ် တနည်းအားဖြင့် ပို့ကုန် သွင်းကုန် ပမာဏကပဲ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ပို့ကုန်ပို့ပြီး ရထားတဲ့ နိုင်ငံခြားငွေ အင်အားနဲ့ သွင်းကုန်အတွက် နိုင်ငံခြားငွေ လိုအပ်ချက် ကြားက ကွာဟချက် အပေါ်မှာ မူတည်ပြီး ဒေါ်လာငွေ အတက်အကျ ဖြစ်ပေါ်နေတာပါ။

နိုင်ငံခြား ငွေကြေး စျေးကွက် ဒီထက် တည်ငြိမ်ဖို့ ဆိုရင် ဒီသွင်းကုန် ထုတ်ကုန် အဝင်အထွက် ကို စောင့်ကြည့်ဖို့ လိုအပ်မှာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ဌာနတွေ အချင်းချင်း ဒီထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ် လို့ ငွေကြေးစျေးကွက် ပညာရှင်တွေ က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ