၆ ပွင့်ဆိုင် ဆွေးနွေးရေး လွှတ်တော် အတည်ပြု

SNLD leader U Hkun Tun Oo ဓာတ်ပုံ မူပိုင် AP
Image caption ဦးခွန်ထွန်းဦးက သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုပဲ လိုလားတယ်လို့ဆို

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ဥက္ကဌ နှစ်ယောက် ဖြစ်တဲ့ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ် တစ်ယောက် ပါဝင်တဲ့ ၆ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အရေးကြီး အဆိုတရပ်ကို ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူ မရှိ အတည်ပြုလိုက် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကလည်း ဒီကိစ္စကို ငြင်းစရာ မရှိကြောင်း သတင်းထောက် တွေကို ပြောခဲ့ ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ကလည်း ၆ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကနေ အစပြုပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ် ဆောင်ရွက်သွားဖို့ ကြေညာချက် ထုတ် တိုက်တွန်းလိုက် ပါတယ်။

လက်ရှိ လွှတ်တော်တွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းဒေသကြီးက တက်လာမယ့် တိုင်းရင်းသားတွေ ဆိုတာက အနိုင်ရပါတီရဲ့ အမိန့်ကို နာခံ နေရသူတွေ ဖြစ်ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဦးခွန်ထွန်းဦးက ပြောပါတယ်။

အခု ၆ ပွင့်ဆိုင်ဆွေးနွေးပွဲဟာ အလုပ်ဖြစ်မယ်လို့ မယူကြောင်းနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကသာ ပိုကောင်းမယ်လို့ လည်းသူက ဆိုပါတယ်။

သုံးပွင့်ဆိုင် ဆိုတာဟာ လက်ရှိ အစိုးရ၊ ဒီမိုကရေစီ အင်အားစုတွေကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုသူတွေ ပါဝင်ရမှာ ဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင်၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ရေးကို အခု လွှတ်တော် သက်တမ်းမှာ ဆောင်ရွက်ဖို့ကိုလည်း ပြည်ထောင်စု လွှတ်တော်မှာ အင်္ဂါ နေ့က အတည်ပြုလိုက်ပါတယ်။

လာမယ့် လွှတ်တော် အစည်းအဝေး ကျရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ ကြမ်းကို တင်သွင်းမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ