၆ ပွင့်ဆိုင် အတွက် တိုင်းရင်းသားဘက်က ဒေါက်တာအေးမောင် ကို ရွေးချယ်

ဓာတ်ပုံ မူပိုင် AP
Image caption ၆ ပွင့် ဆိုင် ဆွေးနွေးပွဲ ဖြစ်လာဖို့ သမ္မတ ဘက်က ဘယ်လောက် လိုက်လျောမှု ရှိမလဲ ဆိုတဲ့ အပေါ် မူတည်

ပြည်ထောင်စု လွှတ်တော်က အဆိုပြု တိုက်တွန်း ထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် ရခိုင် အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို ရွေးချယ် လိုက်ကြ ပါတယ်။

လွှတ်တော် ထဲမှာ ရှိတဲ့ တိုင်းရင်းသား ပါတီ ၁၄ ပါတီ က နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်မှာ လျှို့ဝှက်မဲ နဲ့ ဒေါက်တာ အေးမောင်ကို ရွေးချယ် ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ၆ ပွင့် ဆိုင် ဆွေးနွေးပွဲ ဖြစ်လာဖို့ ဆိုတာဟာ ပြည်ထောင်စု လွှတ်တော်က အဆိုပြု ထားပေ မယ့်လည်း နိုင်ငံတော် သမ္မတ ဘက်က ဘယ်လောက် အထိ လိုက်လျောမှု ရှိမလဲ ဆိုတဲ့ အပေါ်မှာ မူတည် နေတယ်လို့ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်လာ ခဲ့ရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စကို အဓိက ထား ဆွေးနွေး ဖို့ ရှိကြောင်းနဲ့ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ အပါ အဝင် တစ်ဆို့ နေတဲ့ ပြဿနာ တွေကို ဖြေရှင်း ဖို့ လိုတယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒါမှာသာ မြန်မာနိုင်ငံ အနာဂတ် အတွက် အထွေထွေ သဟဇာတ ဖြစ်ရေးမူ တခု ဖြစ်ပေါ်လာ မှာ ဖြစ်ပြီး၊ ဆွေးနွေးပွဲ ကနေ ပြေလည် မှု တခု ရတဲ့ အထိ သွားသင့် တယ်လို့ သူက ဆိုပါတယ်။

တိုင်းရင်းသားတွေ ကိစ္စမှာတော့ တိုင်းရင်းသား အားလုံးရဲ့ ဆန္ဒကို တင်ကြိုပြီး ဆွေးနွေးဖို့ ညှိနှိုင်း ထားတယ်လို့လည်း ပြောကြားသွား ပါတယ်။