တစ်သောင်းတန် ငွေတုတွေ ဖမ်းမိ

Kyats 10000 Note ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျပ်ငွေ တစ်သောင်းတန် ငွေစက္ကူ

ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ကျပ်သိန်း ၉၀ဝ ကျော်ကို မွန်ပြည်နယ်၊ ဘီလင်းမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဘီးလင်းမြို့က စားသောက်ဆိုင် တစ်ဆိုင်မှာ ဝင်နားနေသူ ၄ ယောက်ကို သတင်းအရ ရဲက ဝင်ရောက် စစ်ဆေးရာမှာ ၁ သောင်းတန် ငွေစက္ကူ အတု အရွက် ၉၁၀ဝ ကို ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ မှုခင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး အေးမြင့်ကြည်က ပြောပါတယ်။

တိုက်ကြီးနဲ့ သာယာဝတီက ဖြစ်ကြတဲ့ အဲဒီလူ ၄ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။

ငွေစက္ကူ အတုတွေကို ကွန်ပျူတာ သုံးပြီး ရောင်စုံ ပရင်တာနဲ့ ထုတ်ထား တာဖြစ်ပါတယ်။

ငွေစက္ကူတွေပေါ်မှာ လုံခြုံရေး အမှတ်အသား ဖြစ်တဲ့ ရေစာ မပါသလို စာရွက် ကလည်း ချောနေတာကြောင့် အတု ဆိုတာသိသာပေမဲ့ ငွေစက္ကူ အစစ်တွေနဲ့ ရောသုံးရင် တော့ သတိမထား မိရင် ငွေတုမှန်း မသိနိုင်ဘူးလို့ မှုခင်းဆိုင်ရာ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

မကြာခင်သေးခင် ကလည်း ရန်ကုန်မြို့မှာ ရောင်စုံ ပရင်တာနဲ့ ထုတ်ယူတဲ့ ၁ သောင်းတန် ငွေစက္ကူ အတု တချို့နဲ့ လူငယ် ၂ ယောက်ကို ရဲက ဖမ်းဆီးမိခဲ့ ပါတယ်။

ပြီးခဲ့တဲ့နှစ် တုန်းကတော့ တရုပ်နယ်စပ် ကနေဝင် လာတဲ့ ၅ ထောင်တန် ငွေစက္ကူ အတုတွေကို မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်မှာ ဖမ်းဆီးရမိခဲ့ပါ သေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ