မလေးရှားထဲ ခိုးဝင်မှုနဲ့ ထောင်ဒဏ် ကျနေတဲ့ မြန်မာတွေ လွတ်ငြိမ်းခွင့်ရ

Image caption မလေးရှားမှာ အဖမ်းအဆီးတွေကြောင့် မြန်မာ အတော်များများ နေရပ် ပြန်လာကြ

ပြီးခဲ့တဲ့ ဇူလိုင်လက မလေးရှားနိုင်ငံကို ဗီဇာ အတုနဲ့ ဝင်ရောက်လာခဲ့တဲ့အတွက် ဖမ်းဆီး ခံရပြီး ထောင်ဒဏ် ၁ နှစ် ချမှတ် ခံထားရတဲ့ မြန်မာ နိုင်ငံသား ၅၂ ယောက် ထဲက ၄၈ ယောက်ကို ကွာလာလမ်ပူမြို့ တရားရုံးက လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

မြန်မာ သံရုံး အကူအညီ နဲ့ ရှေ့နေ ငှား အယူခံ ဝင်ခဲ့အပြီး ဒီကနေ့ ဒီဇင်ဘာလ ၂ရက်နေ့ ရုံးတင် စစ်ဆေးမှု အတွင်း အဲဒီလူတွေကို လွတ်ငြိမ်းခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ မလေးရှားက မြန်မာ သံရုံး အရာရှိက ဘီဘီစီကို ပြောပါတယ်။

သွားလာရ ခက်တဲ့ အကျဉ်းထောင် တွေမှာ ရောက်နေလို့ မလာနိုင်တဲ့ ကျန်တဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုတော့ နောက်နေ့မှာ ဆက်လက် ကြားနာမယ်လို့ ပြောပါတယ်။

လွတ်ငြိမ်းခွင့် ရသွားသူတွေကို အကျဉ်းထောင်ကနေ မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာနကို လွှဲပေးမှာ ဖြစ်ပြီး ပြည်ပကို ပြန်ပို့ဖို့ စီစဉ်မှာ ဖြစ်ကြောင်း၊ မြန်မာသံရုံးကလည်း လေယာဉ် လက်မှတ်ကအစ လိုအပ်တာတွေကို ကူညီသွားမှာ ဖြစ်ကြောင်း အဲဒီ သံရုံး အရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက မြန်မာ အလုပ်သမား ၇၂ယောက် နဲ့ အေးဂျင့် ၃ယောက် ဖမ်းဆီး ခံခဲ့ကြရပါတယ်။

အလုပ်သမားတွေထဲမှာ ဗီဇာ အစစ်ရှိသူ ၁၂ ယောက်အပြင် သက်ကြီး ရွယ်အိုနဲ့ ကလေးတွေ အပါအဝင် လူ ၂၀ ကို စက်တင်ဘာလ ကတည်းက မြန်မာနိုင်ငံဆီ ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။

ဗီဇာတုနဲ့ အလုပ်သမားတွေကို ခေါ်လာတဲ့ အေးဂျင့် တွေကိုလည်း ရုံးတင် စစ်ဆေးနေတယ်လို့ သံရုံး အရာရှိက ဘီဘီစီကို ပြောပါတယ်။

လွတ်ငြိမ်းခွင့် ရသွားသူတွေနဲ့ ပတ်သက်လို့ ဘာဆက်လုပ်မယ် ဆိုတာ ကွာလာလမ်ပူက မြန်မာ သံရုံး အရာရှိတစ်ယောက်က အခုလို ပြောပါတယ်။