အမေရိကန်သံ မန္တလေး သတင်းစာ ရှင်းပွဲ

derek mitchell ဓာတ်ပုံ မူပိုင် us embassy
Image caption မန္တလေး မှာ လူငယ်အဖွဲ့တွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေကို ခရီး လှည့်လည် နေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်ဟာ မန္တလေးမြို့ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံ အတွက် အမေရိကန် အကူ အညီပေးနေမှု အခြေ အနေ တွေကို ရှင်းပြ သွားခဲ့ ပါတယ်။

မန္တလေး Jefferson Centre မှာ လူငယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန် က မြန်မာ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေး တို့ အတွက် အကူ အညီ ပေးနေမှု အခြေ အနေ တွေကို ရှင်းလင်း သွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်း အပူပိုင်း ဒေသက ရွာပေါင်း ၂ဝဝဝ ကျော် မှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင် ပေးခဲ့ပြီ ဖြစ်တယ်လို့ ဒါတွေကို သူကိုယ်တိုယ် လက်တွေ့ တွေ့မြင်ရဖို့ သွားလာခဲ့တာ လို့ ပြောပါတယ်။

ဒီလို အကူအညီပေးမှု တွေဟာ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား ၂ဝ၁၂ ခုနှစ် မြန်မာ နိုင်ငံကို ပထမ တခေါက် ရောက်လာပြီး ကတည်းက ကျေးလက် ဒေသဖွံ့ဖြိုးရေး အတွက် ဒေါ်လာ သန်း ၁၇ဝ ကူညီ မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တနှစ်ကို ဒေါ်လာ သန်း ၁ဝဝ ကူညီ ထောက်ပံ့ ခဲ့တာ ဖြစ်လို့ ထင်ထားတာ ထက်ကို ပိုသုံးသွားခဲ့ကြောင်း မစ္စတာ မစ်ချဲလ်က ပြောသွားခဲ့ပါတယ်။

နောက်ပြီး ဒီကူညီမှု လုပ်ငန်း တွေ အတွက် ဒီမိုကရေစီ နည်းကျကျ လုပ်ဆောင် ပေးခဲ့တယ် လို့လည်း သူက ရှင်းပြသွားပါတယ်။

ကျေးလက် ဒေသ ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ ရွာသူ ရွာသားတွေ ကိုယ်တိုင် ပါဝင်စေပြီး သူတို့ရဲ့ အကြံပြုချက်တွေ ရယူ၊ သူတို့ ကိုယ်တိုင် တင်မြှောက်တဲ့ ဦးဆောင်သူ တွေနဲ့ ဖွံ့ဖြိုးမှု တွေကို လက်တွေ့ ကျကျ ဆောင်ရွက် ခဲ့ပြီး ဒါဟာ ဒီမိုကရေစီ လုပ်ငန်းစဉ် အသေးစား မျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလို ဒီမိုကရေစီ ကျင့်သုံးမှု ပုံစံကို သူတို့ တတွေ မရရှိ ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ လည်း သံအမတ်ကြီးက ပြောပါတယ်။

ရှေ့လာမယ့် နှစ်တွေ မှာလည်း ခရီး မြန်မာ နိုင်ငံ ကျေးလက် ဒေသတွေ ကို ခရီး ဆက်ထွက်မှာ ဖြစ်ပြီး အကျိုး သက်ရောက် မှုတွေ ဘယ်လို ရှိခဲ့သလဲ လိုအပ်ချက်တွေကို တကယ် ဖြည့်ဆည်း နိုင်ခဲ့ သလား ဆိုတာကို လေ့လာ ကြည့်ရှုမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

နောက်ပြီး ရွေးကောက်ပွဲ တွေ ဒီမိုကရေစီရေး နဲ့ လူအခွင့်အရေး ကိစ္စတွေ အတွက် လည်း လုပ်နေပါတယ်။ ဒီတော့ မြန်မာ နိုင်ငံမှာ ရှေ့လာမယ့်နှစ် ရွေးကောက်ပွဲ အတွက် ဒေါ်လာ ၁၇ သန်း အကူအညီ တွေ ပေးသွားမှာပါ လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ကြီးကြပ် ဆောင်ရွက်တဲ့ ကိစ္စ၊ ပါတီတွေ စည်းရုံးလှုပ်ရှား ဆောင်ရွက်မှု တွေနဲ့ လူမှု အခြေပြု အဖွဲ့တွေ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာနိုင်ဖို့ စတဲ့ နေရာတွေမှာ အသုံးပြုဖို့ လို့ ဆိုပါတယ်။

လူမှု အကူအညီ တွေကိုလည်း ပေးသွားမှာ ဖြစ်ပြီး အဲဒီ အထဲ မှာတော့ ကချင် ဒေသ နဲ့ ရခိုင်ပြည်နယ် က အိုးအိမ် စွန့်ခွာ ထွက်ပြေး နေရတဲ့ ဒုက္ခသည်တွေ အပါအဝင် ကရင် ပြည်နယ် က ဒုက္ခသည် တွေ အတွက် ဒေါ်လာ ၄၅ သန်း အကူအညီ ပေးမယ်လို့ ပြောကြားသွားခဲ့ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ