တစ်နိုင်ငံလုံး အပစ်ရပ်ရေး အတွက် NCCT နဲ့ MPC အကြို ညှိနှိုင်း

ဓာတ်ပုံ မူပိုင် epa
Image caption တနိုင်ငံလုံး အပစ်ရပ်ရေးအတွက် နောက်ထပ် တရားဝင် တွေ့မယ့် ရက် NCCT နဲ့ MPC မသတ်မှတ်နိုင်သေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကော်မတီ NCCT နဲ့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ MPC အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် ချင်းမိုင်မြို့မှာ အကြို ညှိနှိုင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။

စာချုပ်ပါ အချက်တွေနဲ့ ပတ်သက်ပြီး ရလဒ်ကောင်းတွေ ရထားပေမယ့် လိုင်ဇာ KIA ဌာနချုပ်မှာ တိုင်းရင်းသား ဗိုလ်လောင်း ၂၀ ကျော်သေဆုံးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရကို မေးမြန်း ထားတာ ရှိနေသေးလို့ တရားဝင် တွေ့မယ့် ရက်ကို မသတ်မှတ်နိုင် သေးဘူးလို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာလ ၂ရက်နေ့ မနက် သမ္မတ ဦးသိန်းစိန်ရဲ့ လစဉ် မိန့်ခွန်းထဲမှာ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံကြောင်း ပြောသွားတာဟာ အင်မတန် ကောင်းတဲ့ လက္ခဏာ ဖြစ်တာကြောင့် ကြိုဆိုလိုက်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အစိုးရ စစ်တပ်က စိုးရိမ်နေတဲ့ ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဆိုတာနဲ့ လက်ရှိ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထား တဲ့ UNFC ရဲ့ ပြည်ထောင်စု တပ်ဖွဲ့နဲ့ အနာဂတ် ပြည်ထောင်စု စနစ်ကနေ ပေါ်ထွက်လာမယ့် တပ်မတော် ဆိုတာကို နားလည်မှု လွဲမှား နေတာကိုလည်း ရှင်းလင်းသွားအောင် နောက်ဆွေးနွေးပွဲတွေမှာ ထည့်သွင်း ပြောသွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။