ကော်တောင်ကျွန်းသတ်မှု စွဲချက်တင်တော့မယ်

Two Burmese were accused of murder ဓာတ်ပုံ မူပိုင် Getty
Image caption စွပ်စွဲခံရသူတွေကို တရားစွဲတော့မယ်

ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သေဆုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ဒီဇင်ဘာ ၄ ရက်နေ့မှာ တရားရုံးတင်တော့မှာဖြစ်ပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု အပါအဝင် စွဲချက် ၆ ချက်နဲ့ တရားစွဲဆိုမယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။

အမှတ်၈ အစိုးရရှေ့ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ထဝပ်ချိုင်း စီယန်ကျဲန့်က တရားခံ နှစ်ဦးကို ကော့စမွီတရားရုံးမှာ တရားစွဲဆိုမှာဖြစ်တယ်။ ထိုင်းနိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာမှု၊ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်မှု၊ လူသတ်မှု၊ မုဒိန်းမှု၊ ပြစ်မှု ထိန်ချန်မှု၊ ပစ္စည်းခိုးမှု စတဲ့ ပြစ်မှုတွေဖြစ်တယ်။ သက်သေအထောက်ကတော့ နဂိုရှိပြီးသား သက်သေအထောက်အထားတွေပဲဖြစ်တယ်။ ဝန်ခံထွက်ဆိုချက်၊ လူပုဂ္ဂိုလ်သက်သေ၊ ဓါတ်ပုံအထောက်အထား၊ သိပ္ပံနည်းကျ စစ်ဆေးတွေ့ ရှိချက် စတဲ့ သက်သေအထောက်အထားတွေကိုပဲ ခိုင်လုံအောင်တင်ပြသွားမယ်လို့ ပြောပါတယ်။

တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာ နှစ်ဦးအတွက် ရှေ့နေအဖြစ် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ အယောက် ၂၀ အဖွဲ့က အခမဲ့ အကျိုးဆောင်ပေးမှာဖြစ်ပါတယ်။ မြန်မာသံရုံးကလည်း အထူးအဖွဲ့ဖွဲ့ပြီး ကူညီ ဆောင်ရွက်နေပါတယ်။

Image caption အသတ်ခံ ခဲ့ရတဲ့ ဗြိတိန် နှစ်ဦး

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ထားနီးခရိုင်၊ ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး တို့ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံရမှုဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပေမယ့် သူတို့ကို ရဲက ရိုက်နှက်လို့ ဝန်ခံခဲ့ရတာဖြစ်တယ်လို့ နောက်ပိုင်းမှာ သူတို့က ပြောပါတယ်။ ရဲကရိုက်နှက်စစ်ဆေးမှုနဲ့ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင်က ရဲကို ငါး ကြိမ်တိတိခေါ်မှ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရဲကလာပြီးရှင်းလင်းပါတယ်။

ရဲက ရိုက်နှက်ခြင်းမရှိဘူးလို့ ရှင်းလင်းသွားပေမယ့်လည်း တရားခံလို့စွပ်စွဲခံရသူတွေက သူတို့ကို ရဲက ရိုက်နှက်တယ်လို့ လူ့အခွင့်အရေးကော်မရှင်ကို ပြောထားတဲ့ အကြောင်း လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာနိရန်း ဖိထပ်ဝပ်ချ်ရာ့က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမှုဖြစ်ရာနေရာကို ဝေဟင်မှ မြင်ကွင်း