ဗိုလ်မှူး ကျော်စွာဝင်းနဲ့ မိသားစု တွေ့ခွင့်မရ

ဓာတ်ပုံ မူပိုင် AFP
Image caption ပုဒ်မ ၄၃၆ ပြင်ဖို့ NLD က လက်မှတ်ရေးထိုး ကောက်ခံမှုတွေ လုပ်ခဲ့

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြင်ဦးလွင်မှာ ဆန္ဒပြု လက်မှတ်ထိုး ခဲ့တဲ့ ဗိုလ်မှူး ကျော်စွာဝင်း ကို ဖမ်းဆီး သွားတဲ့ ဇူလိုင် လဆန်း ကတည်း ကနေ ထောင်ဒဏ် ချမှတ်ပြီးတဲ့ အခုချိန်ထိ မိသားစုက တွေ့ခွင့် မရသလို လူ့အခွင့်အရေး အဖွဲ့တွေ အနေနဲ့လည်း ကူညီဖို့ ခက်ခဲနေပါတယ်။

NLD ပါတီကတော့ မိသားစု ဖြစ်စေချင်တဲ့ဆန္ဒကိုဖြည့်ဆည်းကူညီပေးနေတယ်လို့သိရပါတယ်။

ဗိုလ်မှူး ကျော်စွာဝင်းဟာ တပ်မတော် နည်းပညာ တက္ကသိုလ် စစ်အင်ဂျင်နီယာ သင်တန်း အပတ်စဉ် ၂ ဆင်း ဖြစ်ပြီး ရခိုင်ပြည်နယ် အမ်းမြို့ကတပ်ရင်းမှာ တပ်မှူး တာဝန် ထမ်းဆောင်ဆဲ ဖြစ်ပါတယ်။

မိသားစု ရှိတဲ့ ပြင်ဦးလွင်မှာ စာတမ်း ပြုစုဖို့ ရောက်နေတုန်း NLD ပါတီနဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း လုပ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲမှာ လက်မှတ်ထိုးခဲ့တဲ့အတွက် ဗိုလ်မှူး ကျော်စွာဝင်းကို ဒီဇင်ဘာ ၅ ရက်နေ့က စစ်ခုံရုံးကနေ ထောင် ၂နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းသွားတဲ့နေ့က စပြီး ဒီနေ့အချိန်ထိ မိသားစုက တွေ့ခွင့်မရသေးတဲ့ အကြောင်း မိသားစုကို သွားရောက်အားပေးခဲ့တဲ့ ပြင်ဦးလွင် NLD လွှတ်တော်အမတ် ဦးကျော်သီဟက ဘီဘီစီကို ပြောပြပါတယ်။

ဗိုလ်မှူး ကျော်စွာဝင်းဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို စစ်တပ် အသိုင်းအဝိုင်း အနေနဲ့ လက်မှတ် မထိုးရ ဆိုတဲ့ အမိန့် ထုတ်ထားတာကို မလိုက်နာခဲ့တဲ့အတွက် အမိန့် မနာခံမှုနဲ့ စည်းကမ်း စနစ်တကျ ရှိမှုကို ထိခိုက်စေတဲ့ ပုဒ်မ ၂ခုနဲ့ အပြစ်ပေး လိုက်တာလို့သိရပါတယ်။

တပ်က ထုတ်ထားတဲ့ အမိန့်ကို မနာခံရင် အပြင်က အကူအညီ ပေးဖို့ ခက်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ဗိုလ်မှူးကျော်စွာဝင်းကို ထောင် ၂နှစ် အပြစ်ပေး လိုက်တာကို ကြည့်ခြင်းအားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပေါ် မှာပဲ မူတည်တယ်ဆိုတဲ့ သဘောထားကို အောက်ခြေ တပ်သားတွေ ရှင်းရှင်းလင်းလင်း သိအောင် ပြလိုက်တာဘဲလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။