ကိုပါကြီးကိစ္စ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာ မပြည့်စုံလို့ ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုပါကြီး ဘယ်လို သေဆုံးခဲ့တာလဲဆိုတာ အဖြစ်မှန် ပေါ်ပေါက်ဖို့ ဆက်လုပ်သွားမယ်လို့ မသန္တာပြော

စစ်တပ်က ထိန်းသိမ်းထားစဉ် ကိုအောင်နိုင် ခေါ် ကိုပါကြီးရဲ့ သေဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအပေါ် ကျန်ရစ်သူ ဇနီးသည် မသန္တာက ကန့်ကွက်ကြောင်း စာထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ ဖုံးကွယ်မှုတွေ၊ ဘက်လိုက်မှုတွေ၊ မမျှတမှုတွေ ပါနေတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

အဲဒီ သတင်း ထုတ်ပြန်ချက်ကို သမ္မတ ဦးသိန်းစိန်အပါအဝင် ဌာန ၉ခုထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံရမှု အထိမ်းအမှတ် အဖြစ် ဒီကနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ကျန်ရစ်သူ ဇနီးသည် မသန္တာ က ဘီဘီစီကိုပြောပါတယ်။

ကျိုက်မရောမြို့မှာ ကိုပါကြီးကို ရဲက ဖမ်းဆီးပြီး အမှုမဖွင့် တရားရုံးမှာ ချုပ်ရမာန် မယူပဲ စစ်တပ်ကို လွှဲပြောင်းပေးခဲ့တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ တရားဥပဒေအရ တရားစွဲဆို အရေးယူဖို့ ဖော်ပြမထားပဲ အားနည်းချက် တရပ် အနေနဲ့သာ ဖေါ်ပြထားတယ်လို့ မသန္တာက ပြောပါတယ်။

ကိုပါကြီး အမှုကို နယ်ဘက် အရပ် တရားရုံးမှာ ရုံးတင် စစ်ဆေးဖို့ အကြံပြုထားချက်ကိုတော့ ကြေနပ်တယ်လို့ မသန္တာက ပြောပါတယ်။