ဦးဘရန်ရှောင် အမှုကို ပလပ်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို

ဓာတ်ပုံ မူပိုင် fortify
Image caption မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ မြန်မာနိုင်ငံ တရားရေးဌာနတွေကို Fortify Rights အဖွဲ့က ဝေဖန်ပြောဆိုလိုက်

အစိုးရ စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ သမီးဖြစ်သူ သေဆုံးခဲ့ရတယ် ဆိုပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြား ခဲ့တဲ့ အတွက် အစိုးရ စစ်တပ်ကနေ ပြန်လည် တရားစွဲဆိုတာ ခံနေရတဲ့ ဦးဘရန်ရှောင်ရဲ့ အမှုကို ပလပ် ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ စုပေါင်းပြီး မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

ဦးဘရန်ရှောင် အမှု ကိစ္စနဲ့ ပတ်သက်လို့ Fortify Rights အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၆ ဖွဲ့က စုပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းက မြန်မာ သမ္မတ ဦးသိန်းစိန် ဆီ ပေးပို့ခဲ့တဲ့ စာကို အများပြည်သူတွေ သိရှိဖို့ ဒီဇင်ဘာလ ၁၈ရက်နေ့က ထုတ်ဝေ လိုက်တာပါ။

လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဆီ ဖွင့်ချ တိုင်တန်း ခဲ့မှုကြောင့် ဦးဘရန်ရှောင် အပေါ် ထောင်ဒဏ် ၂ နှစ်နဲ့ အထက် ကျခံနိုင်တဲ့ ရာဇဝတ် ပုဒ်မ တပ်ပြီး တရားစွဲ ခံထားတာဟာ လက်ခံနိုင်ဘွယ် မရှိဘူး ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ထားပါတယ်။

ဦးဘရန်ရှောင်ရဲ့ အမှုကိစ္စကို ကြည့်ရင် မြန်မာ စစ်တပ် အသိုင်းအဝိုင်းနဲ့ တရားရေးဌာန၊ လူ့ အခွင့်အရေး ကော်မရှင် တို့အနေနဲ့ လူ့အခွင့်အရေး ပြဿနာတွေ အပေါ် အလေးထားမှု မရှိဘူး ဆိုတာ ဖော်ပြနေတယ်လို့ Fortify Rights အဖွဲ့ အမှုဆောင် အရာရှိချုပ် Matthew Smith က ပြောပါတယ်။

မြန်မာ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ကတော့ ဦးဘရန်ရှောင်ရဲ့ အမှု ကိစ္စ အပေါ် သူတို့ အနေနဲ့ စွက်ဖက်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ သမီး ဖြစ်သူ သေဆုံး သွားရတယ် ဆိုပြီး ပြောခဲ့တဲ့ ဦးဘရန်ရှောင် ကို မြန်မာ အစိုးရ စစ်တပ် ဗိုလ်မှုး တစ်ဦးက တရားလိုလုပ် တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ တရားလို ဗိုလ်မှုး ဇာနည်မင်းပိုက် ဆိုသူဟာ တရားရုံး ရုံးချိန်းတွေမှာ ရောက်မလာခဲ့တဲ့အတွက် ဦးဘရန်ရှောင်ရဲ့ အမှုဟာ နှစ်နဲ့ချီပြီး မပြီးမပြတ်နိုင် အချိန် ကြာမြင့်နေပါတယ်။

ဦးဘရန်ရှောင်ရဲ့ သမီး အသက် ၁၄ နှစ် အရွယ် ကျောင်းသူ ဂျာဆိုင်းအိန် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံတွေက အမှုမှန် ပေါ်ပေါက်ရေး ကော်မတီ တစ်ရပ်ဖွဲ့ ထားသလို မြန်မာ လူ့အခွင့်ရေး ကော်မရှင် အပါအဝင် အာဏာပိုင်တွေကို တရားဝင် စုံစမ်းမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုထားကြပေမယ့် အာဏာပိုင်တွေ ဘက်ကတော့ ပြန်လည် တုန့်ပြန်မှု မရှိသေးပါဘူး။

ဂျာဆိုင်းအေ သေဆုံးခဲ့ရတာဟာ၂၀၁၂ ခုနှစ် ဖားကန့်ဒေသ တိုက်ပွဲမှာ ကေအိုင်အေက ခွဲခဲ့တဲ့ မိုင်းကြောင့် ဖြစ်တယ် ဆိုပြီး အစိုးရ စစ်တပ်ကလည်း ပြန်လည် စွပ်စွဲထားပါတယ်။