လက်ပံတောင်း ပဋိပက္ခ ဆက်လက် ဖြစ်ပွား

ဓာတ်ပုံ မူပိုင် AP
Image caption ခြံစည်းရိုး တိုးချဲ့ ကာရံ တာကို ဒေသခံ တွေက တားဆီး လို့ အရေးယူ ဆောင်ရွက်တာလို့ အစိုးရ သတင်းထုတ်ပြန်

လက်ပံတောင်း တောင် ဒေသမှာ ဒေသခံ ရွာသား တွေနဲ့ ရဲတပ်ဖွဲ့ အကြား ပဋိပက္ခ ဆက်လက် ဖြစ်ပွား ခဲ့ရာ အင်္ဂါနေ့ မှာတော့ ရဲက ပစ်လို့ ဆည်တည်း ရွာသား ၂ ဦး ဒဏ်ရာ ရရှိ သွားပါတယ်။

ကြေးနီ စီမံကိန်း အတွက် လျော်ကြေး မယူတဲ့ လယ်ယာ မြေတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်း ရိုးခတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွာသား တွေက ကန့်ကွက် တားဆီး ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ ကတော့ လက်ပံတောင်း ကြေးနီ စီမံကိန်း အတွက် ခြံစည်းရိုး တိုးချဲ့ ကာရံ တာကို ဒေသခံ တွေက ဝင်ရောက် တားဆီး မှုတွေ လုပ်တဲ့ အတွက် အရေးယူ ဆောင်ရွက် ရတာလို့ ပြောပါတယ်။

ရွာသားတွေ ဘက်က လေးခွ တွေနဲ့ ပစ်ခတ် အကြမ်းဖက် လာတဲ့ အတွက် ရဲ ကနေ ၁၂ ဗို့ ပြောင်း ချော သေနတ် နဲ့ ပစ်ခတ် လူစုခွဲ ခဲ့ ရတာ လို့ ပြန်ကြားရေး ဝန်ကြီး ဌာန အင်တာ နက် စာမျက်နှာမှာ သတင်း ထုတ်ပြန် ထားပါတယ်။

အခုလို ခြံစည်းရိုး ကာတာဟာ ရွာသားတွေနဲ့ ညှိနှိုင်းမှု မလုပ်ဘဲ ရွားနား အထိ တိုးချဲ့ လာတာလို့ ဆည်တည်း ရွာသား တဦးက ဘီဘီစီကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွား သူတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ဆိုပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အစည်းက အဖွဲ့ဝင် တချို့လည်း အခင်း ဖြစ်ပေါ်ခဲ့ရာ ရွာတွေ အထိ ဆင်းလာ ကြပါတယ်။

အခုလို တင်းမာနေတဲ့ အခြေအနေမှာ အုပ်ချူပ်ရေး အာဏာပိုင်တွေ ရဲ့ ကြားဝင် ဖြန်ဖြေ ပေးတာတွေတော့ မတွေ့ရသေးဘူး ဆိုပြီး ၈၈ မျိုးဆက်က မနီလာသိန်း က ဆိုပါတယ်။

ဒါပေမဲ့ တနင်္လာနေ့က ရဲရဲ့ ပစ်ခတ်မှုနဲ့ အသက် ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်း နဲ့ ပတ်သက်လို့ တော့ ဆားလင်းကြီး မြို့နယ်ရဲစခန်းမှာ သေမှုသေခင်း ဖွင့်နိုင်ခဲ့တယ်လို့ မနီလာသိန်းက ပြောပါ တယ်။

အခုလို အမှုဖွင့်နိုင်ခဲ့လို့ ကျန်ရစ်သူ မိသားစုကနေ ဒေါ်ခင်ဝင်း ရုပ် အလောင်းကို ဆားလင်းကြီး ဆေးရုံ ကို သယ်ဆောင် သွားနေ ပြီး မုံရွာက မှုခင်း ဆရာဝန်က လာရောက် ရင်ခွဲ စစ်ဆေးမှု ပြုလုပ်ပေးမယ် ဆိုပြီး သိရ ပါတယ်။

လက်ပံတောင်း စီမံကိန်း နယ်မြေ တွေကို ခြံစည်းရိုး ခတ်ခဲ့ပြီးတဲ့နောက် ခြံစည်းရိုးထဲနဲ့ အစပ်က ရွာတွေ မီးရှို့ ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ အတွက် ဒေသခံ တွေက စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ