အပစ်ရပ် ဆွေးနွေးပွဲ ဇန်နဝါရီ ပြန်စမယ်

kia
Image caption လိုင်ဇာ ပစ်ခတ်မှုကြောင့် ဆွေးနွေးပွဲ စဖို့ ကြန့်ကြာ

တနိုင်ငံလုံး အပစ် ရပ်ရေး စာချုပ် မူကြမ်း ထွက်ဖို့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား အပစ် ရပ်ရေး ညှိနှိုင်း အဖွဲ့ (၂) ရက်ကြာ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲ အပြီး (၇) ကြိမ်မြောက် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ကို ဇန်နဝါရီလ လယ်မှာ ပြန်စဖို့ သဘောတူ လိုက်ပါတယ်။

ပြန်စ မယ့် တနိုင်ငံလုံး အပစ်ရပ် ဆွေးနွေးပွဲမှာ (၂)ဘက် ထိပ်ပိုင်း ခေါင်းဆောင် တွေ အားလုံး တက်ရောက် ဆွေးနွေးမှာ ဖြစ်တယ် လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ က အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေ က ပြောပါတယ်။

အခု ပြုလုပ်တဲ့ အကြို ညှိနှိုင်း ဆွေးနွေးပွဲမှာ လည်း (၂)ဘက် ဆွေးနွေး ရတာ အဆင်ပြေတယ် လို့ သူက ဆိုပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား တွေရဲ့ အပစ်ရပ်ရေး ဆွေးနွေးပွဲ တွေဟာ စက်တင်ဘာလ ကုန်ပိုင်း ကတည်းက ရပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလ မှာ လိုင်ဇာ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်း က ဗိုလ်လောင်း (၂၃)ယောက် သေဆုံးခဲ့ တဲ့ ပစ်ခတ်မှု ကြောင့် လည်း ဒီဆွေးနွေးပွဲတွေ ပြန်စဖို့ ပိုမို ကြန့်ကြာ သွားတာ ဖြစ်ပါတယ်။

လိုင်ဇာလို ဖြစ်စဉ် လိုမျိုး ထပ်မဖြစ် အောင် လုပ်ကြမယ်လို့ လည်း NCCT အဖွဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဖဒို ကွယ်ထူးဝင်းက ပြောပါတယ်။ အခု ပြုလုပ်တဲ့ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲမှာ NCCT ဘက်က ထိပ်တန်း ကိုယ်စားလှယ်တွေ မပါဝင် သလို တပ်ဘက်က ကိုယ်စားလှယ် တွေလည်း ပါမလာ ခဲ့ဘူး။

လာမယ့် ဇန်နဝါရီလ ဆွေးနွေးပွဲ မှာ ညှိနှိုင်းစရာ (၃)ချက် လောက် ကျန်တော့တယ် လို့ ဦးလှမောင်ရွှေ က ပြော ပါတယ်။

ဒါပေမဲ့ ဒီ(၃)ချက်မှာ တပ်တွေ နေရာ ချထားရေး လို ခက်ခက်ခဲခဲ ဆွေးနွေး ရမယ့် စစ်ဘက် ဆိုင်ရာ ကိစ္စတွေ ပါဝင်နေ ပြီး စစ်တပ် ဘက်က တော့ ညှိနှိုင်းမှု တွေနဲ့ ပတ်သက်တဲ့ သဘောထား ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြောတာ မရှိ ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ