လက်ပံတောင်းကိစ္စ အစိုးရ အဖြေထုတ်ရန် တရုတ်ပြော

Letpadaung Conflict ဓာတ်ပုံ မူပိုင် epo
Image caption စီမံကိန်းက ခတ်တဲ့ ခြံစည်းရိုး

လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ထိရောက်စွာ စစ်ဆေးအဖြေထုတ်ရန် မျှော်လင့်ကြောင်း ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက်တစ်စောင်မှာ ထုတ်ဖော် ပြောဆိုပါတယ်။

လက်ပံတောင်း ကိစ္စနဲ့ပတ်သက်ပြီး တရုတ်သံရုံးကို ဘီဘီစီက မေးမြန်းဖို့ ဆက်သွယ်တဲ့အခါ အခုလို ကြေညာချက်တစ်စောင်ကို အီးမေးလ်ကနေ ပေးပို့လာတာ ဖြစ်ပါတယ်။

ဒီပဋိပက္ခမှာ မြန်မာတောင်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတဲ့ အတွက် စိတ်မကောင်းကြောင်းနဲ့ ငြိမ်းချမ်းစွာ အလုပ်လုပ်နေကြတဲ့ တရုတ် ကုမ္ပဏီ ဝန်ထမ်း တချို့လည်း ပဋိပက္ခတွေအတွင်း အကြောင်းမဲ့ အကြမ်းဖက် တိုက်ခိုက် ခံရလို့ ဒဏ်ရာ ရခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပတောင်း ကြေးနီ စီမံကိန်းမှာ လျော်ကြေးကိစ္စ သဘောတူမှု မရသေးတဲ့ ယာခင်းတွေပေါ် ဝမ်ပေါင်ကနေ ရဲတပ်ဖွဲ့ အစောင့်အရှောက် နဲ့ သံဆူးကြိုး ခတ်လာရာက ဒေသခံတွေနဲ့ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

ပဋိပက္ခစတင်ခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ ရဲတွေ ပစ်ခတ်တဲ့ သေနတ် ဒဏ်ရာကြောင့် မုံရွာဆေးရုံကြီးမှာ ခွဲစိတ်ကုသပြီး အတွင်းလူနာ အဖြစ် ဆက်လက် ရှိနေတဲ့ မိုးကြိုးပြင် အလယ် ရွာသား ကိုကျော်မြင့်သိန်းကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ သူ့လက်မောင်းကို ထုတ်ချင်းဖောက် သွားခဲ့တာဟာ ရာဘာကျည်ဆံ မဟုတ်ဘူးလို့ ဆရာဝန်တွေက ပြောကြောင်း ဘီဘီစီကို ပြန်ပြောပြပါတယ်။

နောက်ပြီး အခုလို ခြံခတ်တာဟာ အတင်းအဓမ္မ နိုင်ထက်စီးနင်း လုပ်တာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။