လက်ပံတောင်း ပြဿနာနဲ့ လယ်သိမ်းမှု ယန်ဟီလီစုံစမ်း

မစ္စယန်ဟီလီ ဓာတ်ပုံ မူပိုင် bbc
Image caption မစ္စယန်ဟီလီ

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ယန်ဟီလီက ရှေ့နေကွန်ရက်နဲ့ တွေ့ဆုံပြီး တရား စီရင်ရေး စနစ်မှာ မျှတတဲ့ အခွင့် အရေးတွေ ရှိမရှိ သိလိုတာတွေကို မေးမြန်း ခဲ့ ပါတယ်။

မစ္စလီက လက်ပံတောင်းမှာ သေဆုံးမှု ဒဏ်ရာရမှုနဲ့ တာဝန်ရှိသူတွေက ဘယ်လိုအရေးယူသလဲ ဆိုတာအပါအဝင် လယ်သမားတွေ လယ်အသိမ်းခံရတာ ထောင်ချခံရတာစတဲ့ ကိစ္စတွေကို အဓိကထားပြီး ရှေ့နေတွေကို မေးမြန်းပါတယ်။

နိုင်ငံသားတွေအနေနဲ့ ထိခိုက်တာ ကျူးလွန်ခံရတာတွေအတွက် တရားမျှတမှု ရှာတဲ့အခါ အာဏာပိုင်တွေကိုရော တရားရုံးကိုပါ အားကိုးလို့မရဘူးလို့ ရှေ့နေ တွေကပြန်ဆွေးနွေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဉီးကိုနီကဘီဘီစီကိုပြောပါတယ်။

အုပ်ချုပ်ရေးက တရားစီရင်ရေးစနစ်ကို ဝင်ရောက်စွက်ဖက်နေတဲ့အတွက် တရားစီရင်ရေးက မလွတ်လပ်ဘူးလို့လည်း ဉီးကိုနီက ပြောပါတယ်။

မျိုးစောင့်ဥပဒေကြမ်းတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ညီရဲ့လားဆိုတဲ့ကိစ္စကိုတော့ နေပြည်တော်မှာ လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။

ဇန္နဝါရီလ ၇မှ ၁၆ရက်အထိ ဒုတိယမြောက် ခရီးစဉ်အတွင်း မစ္စလီဟာ ရခိုင်ပြည်နယ်မှဒုက္ခသည် စခန်းတွေ အပါအဝင် ရှမ်းပြည်မြောက်ပိုင်း လားရှိုး အထိခရီးထွက်မယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို လာမယ့် ဧပြီလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ