မလေးရှားမှာ မြန်မာတွေကို သတ်မှုနဲ့ မွတ်ဆလင် ၉ ဦးကို တရားစွဲ

Image caption မလေးရှားမှာ မြန်မာနိုင်ငံသား အများအပြား သွားရောက် အလုပ်လုပ်ကိုင်နေကြ

မလေးရှားနိုင်ငံ ပီနန်ကျွန်းမှာ မြန်မာ နိုင်ငံသားတွေ အသတ်ခံရမှုနဲ့ ဖမ်းဆီး ခံထားရတဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ပီနန်ကျွန်း တရားရုံးမှာ တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ပီနန်ကျွန်းမှာ မြန်မာနိုင်ငံသား ၁၈ ဦး အသတ်ခံရမှုနဲ့ပတ်သက်လို့ မသင်္ကာဘွယ် မြန်မာနိုင်ငံသား ၁၁ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတာပါ။

အဲဒီထဲက အစ္စလာမ်ဘာသာဝင် ၉ ဦးက လူသတ်မှု ၇ မှုကို သူတို့ ကျူးလွန်ခဲ့ကြောင်း ရဲကို ဝန်ခံ ထွက်ဆိုခဲ့တဲ့အတွက် အခုလို တရား စွဲဆိုလိုက်တာ ဖြစ်တယ်လို့ မလေးရှားရဲက မြန်မာသံရုံးကို အကြောင်းကြားလာတယ်လို့ မြန်မာသံရုံးက အဆင့်မြင့်အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

မှုခင်းတွေနဲ့ ပတ်သက်ပြီး အရေးယူနိုင်ဖို့ မြန်မာသံရုံးအနေနဲ့ မလေးရှား ရဲတပ်ဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း အဲဒီ မြန်မာ သံရုံး အရာရှိကပြောပါတယ်။

အခုလို ဖမ်းဆီး အရေးယူမှုတွေ ရှိပြီး တရားရုံး တင်နိုင်တဲ့အတွက် ပြစ်မှု ကျူးလွန်မှုတွေကို တားဆီးသလို ဖြစ်တာကြောင့် မလေးရှားမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာ နိုင်ငံသားတွေအတွက် လုံခြုံမှု ပိုရှိလာတယ် ဆိုတဲ့ ခံစားမှုတွေ ဖြစ်လာနိုင်တယ်လို့ သံရုံးအရာရှိက ပြောပါတယ်။

ပီနန်ကျွန်းမှာ ပြီးခဲ့တဲ့ နှစ်က မြန်မာ နိုင်ငံသား အသတ်ခံရမှု ၁၈ မှုမှာ အသတ်ခံရသူတွေဟာ ဗုဒ္ဓဘာသာဝင် တွေဖြစ်ပြီး လူသတ်မှု အတော်များများဟာ မြန်မာနိုင်ငံက ဘာသာရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတယ်လို့ မြန်မာသံရုံးကရော မြန်မာ အလုပ်သမား အသိုင်းအဝိုင်းကပါ ပြောဆိုနေကြပါတယ်။

ဒါပေမယ့်လည်း တချို့လူသတ်မှုတွေကတော့ ပုဂ္ဂိုလ်ရေး မကြေမနပ် ဖြစ်မှုတွေကြောင့် ဖြစ်တယ်လို့ မလေးရှားမှာ နာရေး ကူညီမှု လုပ်နေသူတွေက ပြောပါတယ်။