ရွေးကောက်ပွဲကော်မရှင် ပြန်ဖွဲ့ရေး တောင်းဆိုလှုပ်ရှား

Image caption ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို အရင် အစိုးရ အမိန့် ညွှန်ကြားချက်နဲ့ ဖွဲ့စည်း ထားတာ ဖြစ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနဲ့ အညီ အသစ် ပြန်ဖွဲ့ ပေးဖို့ လက်မှတ် ရေးထိုး တောင်းဆို တဲ့ လှုပ်ရှား မှုကို ရန်ကုန်မှာ တနင်္ဂနွေ နေ့က စတင် လိုက် ပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေပါ အချက် တွေနဲ့ ကိုက်ညီမှု မရှိလို့ ကော်မရှင် တခုလုံးကို အသစ် ပြန်လည် ဖွဲ့ပေးဖို့ ဆိုပြီး ပြည်သူ့ လှုပ်ရှားမှု ကွန်ရက် က နေ ဦးဆောင် တောင်းဆိုတာ ဖြစ်ပါတယ်။

လှုပ်ရှားမှု ကို ဒဂုံ ဆိပ်ကမ်း မြို့နယ်မှာ စတင် ပြုလုပ် ခဲ့ပြီးတော့ လူ(၂၀၀) လောက် လက်မှတ် ရေးထိုးခဲ့ ပါတယ်။ ဒီလှုပ်ရှားမှု ကနေ ရတဲ့ လက်မှတ် တွေကို နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ လှုပ်ရှားမှု ကွန်ရက်က ကိုမြတ်ကျော် က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ (၂၀၁၀) ခုနှစ် က အရင် အစိုးရရဲ့ အမိန့် ညွှန်ကြား ချက်နဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပြီး၊ ကော်မရှင် ကို ဦးဆောင် နေသူ တွေဟာ အရင် စစ်ဗိုလ်ချုပ် ဟောင်းတွေ နဲ့ အာဏာရ ကြံ့ခိုင် ဖွံဖြိုးရေး ပါတီ ဝင်တွေ ဖြစ်ခဲ့ဖူး သလို ဥပဒေ ပိုင်း ဆိုင်ရာ မှာ လည်း တာဝန် ထမ်းဆောင် ခဲ့တာ မရှိတဲ့ အတွက် ဒီကော်မရှင် ဟာ တရား မဝင်ဘူးလို့ ကိုမြတ်ကျော်က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး အဖွဲ့က ညွှန်ကြားရေးမှူး ဦးသောင်းလှိုင် ကတော့ ကော်မရှင်ဟာ သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်က တရားဝင် ခန့် ထားတာ ဖြစ်တယ် လို့ ပြောပါတယ်။ ဒီလို တောင်းဆို လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သူတို့ ဘက်က တုံ့ပြန် ဆောင်ရွက် ဖို့ မရှိဘူး လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲ ဟာလည်း လာမယ့် နိုဝင်ဘာလ ထဲမှာ ကျင်းပမယ်လို့ ကော်မရှင်က ပြောထား တော့ ဒီလို တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ကလည်း အရှိန်မြှင့် လာဖို့ ရှိနေပါတယ်။

ပြည်သူ့ လှုပ်ရှားမှု ကွန်ရက် ကတော့ ကော်မရှင် ဟာ ဥပဒေ အရ တရားမဝင်ဘူးဆိုတဲ့ စာရွက်စာတမ်းတွေ လိုက်လံ ဝေငှ နေသလို ဟောပြောပွဲ တွေကိုလည်း သင်္ကန်းကျွန်း နဲ့ ဒေါပုံ မြို့နယ် တွေမှာ ထပ်လုပ်ဖို့ ရှိပါတယ်။

ကော်မရှင် အသစ်ဖွဲ့ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို တော့ ဖေဖော်ဝါရီလ အကုန် အပြီး ကောက်ယူ သွားမှာ ဖြစ်ပြီး နောက်ထပ် လည်း ဆန္ဒပြ တောင်းဆို မှုတွေ ထပ် လုပ်မယ်လို့ ပြည်သူ့ လှုပ်ရှားမှု ကွန်ရက်က ကို မြတ်ကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ