၆​ပွင့်​ဆိုင် မ​လိုက်နာ​သူ​ဟာ ဥပဒေ​ချိုး​ဖောက်​တာ​ပဲ လို့ သူ​ရ​ဦး​ရွှေ​မန်း ပြော

_hluttaw_parliament_myanmar ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် သက်တမ်း ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား နေပြည်တော် မှာ ပြုလုပ် ခဲ့ ပါတယ်။

ပြည်ထောင်စု လွှတ်တော် သက်တမ်း ၄ နှစ်ပြည့် ကာလ မှာ အလှည့်ကျ နာယက သူရ ဦးရွှေမန်း က ၆ ပွင့်ဆိုင် တွေ့ဆုံရေး ကို မလိုက်နာ ခဲ့ရင် ဥပဒေကို ချိုးဖောက်တာပဲ ဆိုပြီး ပြောလိုက် ပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး လို မြန်မာ့ နိုင်ငံရေး အကြပ်အတည်း တွေကို သမ္မတ၊ လွှတ်တော် ၂ ရပ် ဥက္ကဌ၊ ကာကွယ်ရေး ဦးစီးချူပ်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင် တို့ ၆ ပွင့်ဆိုင် တွေ့ဆုံ ကြဖို့ ပြည်ထောင်စု လွှတ်တော် က ဆုံး ဖြတ်ထားတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက် ကြာသပတေး နေ့ ကာလုံ အစည်းအဝေး အပြီး နောက်တစ်ရက် မှာ သူရ ဦးရွှေမန်း က အခုလို ထုတ်ပြောလာတဲ့ အတွက် ၆ ပွင့်ဆိုင် ဆွေးနွေးရေး နဲ့ ပတ်သက်လို့ ကာလုံ အစည်းအဝေး အတွင်း အတည်ပြု ခဲ့နိုင်တာ မျိုး ဖြစ်နိုင်တယ် ဆိုပြီး သတင်းထောက် တွေ က သုံးသပ်နေကြပါတယ်။

လွှတ်တော် သက်တမ်း ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား အပြီး ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သူရ ဦးရွှေမန်း က အခုလို ပြောလာတာ ဖြစ်ပါတယ်။

သက်တမ်း ၄ နှစ် ကာလထဲ မှာ လွှတ်တော် ရဲ့ လုပ်ငန်း ဆောင်ရွက်ပုံ တွေ တိုးတက်မှု အများကြီး ရှိလာတာ တွေ့ရသလို တစ်ဘက်မှာ လည်း အောက်ခြေ လူတွေ အကြား တကယ် ဖြစ်ပျက် တောင်းဆို နေကြတာ တွေ အပေါ် လွှတ်တော် အနေနဲ့ အဆက်ပြတ် နေတဲ့ ပုံစံမျိုး လည်း တွေ့နေရတယ် ဆိုပြီး တော့ ဆဲဗင်းဒေး ဂျာနယ် သတင်းထောက်ချုပ် ကိုအောင်သူရ က သုံးသပ် ပါတယ်။

ပြည်တွင်း သတင်းသမား တွေ ဝိုင်းဝန်း ကန့်ကွက် ခဲ့တဲ့ မီဒီယာ ဥပဒေ ကို ပြည်သူ့ လွှတ်တော် က အတည်ပြု ခဲ့ပုံ ကိုလည်း ကိုအောင်သူရ က ဥပမာ ပေး ပြောကြား ခဲ့ပါတယ်။

မီဒီယာ ဥပဒေ ကို ပြည်သူ့ လွှတ်တော် က အတည်ပြု ခဲ့တဲ့ နောက်ပိုင်း အပြင်းအထန် ဝေဖန်သံ တွေ ထွက်ပေါ် လာတဲ့ အခါကြမှ မီဒီယာ အဖွဲ့အစည်း ၃ ခုလုံးက ကန့်ကွက် ထားမှန်း လွှတ်တော် အနေနဲ့ မသိကြောင်း ပြောကြား ခဲ့တာမျိုး ရှိတယ် လို့ ကိုအောင်သူရ က ဆိုပါတယ်။

အဲဒိလို အဆက်ပြတ်မှု တွေ ကြောင့် လွှတ်တော် အနေနဲ့ အတည်ပြုပြီး ဥပဒေ တွေကို ထပ်မံ ပြင်ဆင်ဖို့ တောင်းဆို ခံရမှု တွေ တွေကြုံ နေရတာ ဖြစ်တယ် လို့လည်း လက်ရှိ ဖြစ်ပေါ် နေတဲ့ အမျိုးသား ပညာရေး ဥပဒေ နဲ့ ပတ်သက် တဲ့ ကျောင်းသားတွေ ရဲ့ ဆန္ဒပြ တောင်းဆိုနေ မှု တွေ ကို ထောက်ပြပြီး ကိုအောင်သူရ က သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ