မြန်မာ့အပြောင်းအလဲတွေ နောက်ပြန်ဆုတ်မှာစိုးရိမ်ရ

Ms Yang Hee Lee ဓာတ်ပုံ မူပိုင် EPA
Image caption Ms Yang Hee Lee

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် ရန်ဟီလီရဲ့ မြန်မာခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ဆိုးဝါးတဲ့ အခြေအနေနဲ့ မျိုးစောင့်ဥပဒေ ကိစ္စ မြေသိမ်းယာသိမ်းမှု အကြောင်းစတဲ့ လူ့အခွင့်အရေး အခြေအနေကို ထောက်ပြသွားတဲ့အပေါ် မြန်မာအစိုးရက ဒါဟာ ပြည်တွင်းရေးကိုဝင်စွက်ဖက်တာလို့ အပြင်းအထန် တုံ့ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို သူ့ရဲ့တွေ့ရှိချက်တွေအတိုင်း ဆက်လက် ရပ်တည်လားလို့ ဘီဘီစီက ဆက်သွယ်မေးကြည့်တော့ သူ့ရဲ့လေ့လာ တွေ့ရှိချက်တွေအတိုင်း အခိုင်အမာ ရပ်တည်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေဟာ ရခိုင် ဒေသခံလူ့အဖွဲ့အစည်းအပေါ် ယုံကြည်မှုမရှိဘဲ အဲဒီလူတွေကသူတို့ကို ရန်လိုတာမျိုး အကြောက်တရားတွေနဲ့ရင်ဆိုင်နေကြရကြောင်း ဒီစိုးရိမ်ကြောင့်ကြမှုတွေ ပျောက်ကင်းအောင် ၂ဖက်စလုံးက လုပ်ဖို့လိုတယ်ဆိုတာကို အစိုးရကိုလည်း တိုက်တွန်းခဲ့ကြောင်း လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာ လူ့အခွင့်အရေး ချိုးဖေါက်တာတွေ ပပျောက် ဖို့အစိုးရမှာ တာဝန်ရှိကြောင်း သူကပြောပါတယ်။

ဒီလိုလူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိတဲ့ အခြေအနေမျိုးမှာ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရအပေါ် နိုင်ငံတကာက ချီးကျူးဂုဏ်ပြုတာ စောမနေဘူးလားလို့ မေးတဲ့အခါသူက ပထမပိုင်း အစိုးရတက်လာလာချင်း အပြုသဘောဆောင်ရွက်မှုတွေဟာ အားရစရာကောင်းပြီး နောက်ပိုင်းကျတော့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာ စောတယ်ဆိုတဲ့နိုင်ငံတကာ ဝေဖန်မှုတွေ ထွက်လာကြောင်း သူလည်းဒီသဘောပဲ သတိထား စောင့်ကြည့်တဲ့ အမြင်မျိုးရှိတယ်လို့ ပြောပါတယ်။

ဒီခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို မတ်လကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြမှာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ အပြုသဘော ဆက်ဆံဖို့ ထောက်ခံသွားမှာ ဖြစ်ကြောင်း အစိုးရအပါအဝင် သက်ဆိုင်သူအားလုံးတို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်ထားကြောင်း မြန်မာ့အပြောင်းလဲတွေ တိုးတက်မှု အရှိန်ရပ်တန့်နေပြီး နောက်ပြန်ဆုတ်မှာကို စိုးရိမ်ပူပန် မိကြောင်း ရန်ဟီလီက ဘီဘီစီကို ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ