ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး ကတိ လက်မှတ်ထိုးကြမယ်

UPWC meets NCCT in Chiang Mai
Image caption မကြာသေးခင်က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ NCCT နဲ့ သွားရောက် ဆွေးနွေး

ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့တို့ ငြိမ်းချမ်းရေး ကတိ ပြုချက် တစ်ရပ်ကို လက်မှတ်ရေးထိုး ကြမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆက်လက် ဆောင်ရွက်ဖို့ တွန်းအား ဖြစ်စေမယ့် ကတိကဝတ်တွေဖြစ်ပြီး မဖြစ်မနေ လိုက်နာ ဆောင်ရွက်ဖို့ စာချုပ် လက်မှတ်ရေးထိုးကြတာ မဟုတ်ဘူးလို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ကောင်းမွန်တဲ့ ဆန္ဒနဲ့ ပြည်သူလူထု လိုလားတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရောက်အောင်သွားကြမှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်ဖို့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ ကို ဖိတ်ကြားခဲ့ရာမှာ ၁၃ ဖွဲ့က တက်ရောက်မှာဖြစ်ပါတယ်။

KIO ကချင် လွတ်လပ်ရေး အဖွဲ့၊ တအာင်း အဖွဲ့နဲ့ KNPP ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီတို့ ကတော့ မတက်ရောက်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

အစိုးရဘက်က ငြိမ်းချမ်းရေး ကတိပြုချက် ကို ကမ်းလှမ်းခဲ့ပေမဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ကမ်းလှမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ် ကိုတော့ ပယ်ချခဲ့တယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး ဦးခူးဦးရယ်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ