လောက်ကိုင်မှာ တိုက်ပွဲ ပြင်းထန်

U Pheung Kya Shin_1999_AP ဓာတ်ပုံ မူပိုင် AP
Image caption ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တပ် တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲ ပြင်းထန်

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကိုးကန့် အဖွဲ့က ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က MI 35 စစ်သုံး ရဟတ်ယာဉ်တွေ MIG 29 တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ MNDAA မြန်မာ တိုင်းရင်းသား ဒီမိုကရက် တစ် မဟာမိတ် စစ်တပ် က ပြောရေးဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းက ဘီဘီစီကို ပြောပါတယ်။

လောက်ကိုင် ဒေသ ဖေဖော်ဝါရီလ ၉ ရက်နေ့ ကနေ ၁၁ ရက်နေ့ အထိ ကိုးကန့် အဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရဘက်က အရာရှိ ၅ ဦးနဲ့ တပ်သား ၄၂ ဦးကျဆုံးခဲ့ပြီး အရာရှိ၊ တပ်သား ၇၂ ဦးဒဏ်ရာရခဲ့တယ်လို့ မြန်မာအစိုးရ သတင်းမီဒီယာ တွေက ထုတ်ဖော်ကြေညာခဲ့ ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ကွမ်းလုံမြို့အနီးမှာ ကိုးကန့်တပ်က ပြည်သူ့စစ်ရဲ့ လက်နက် တချို့ကို သိမ်းယူခဲ့ရာမှာ အစိုးရစစ်တပ်က လိုက်လံတိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရဘက်က ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း အဲဒီ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိုးကန့်ဘက်က အကျအဆုံးအနေနဲ့ ၄ ယောက် လောက် ရှိပြီး ဒဏ်ရာရသူ ၁၀ ယောက်လောက် ရှိတယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ကိုးကန့် အဖွဲ့ အနေနဲ့ ၂၀၀၉ ခုနှစ်က မောင်းထုတ်ခံခဲ့ရတဲ့ သူတို့ရဲ့ နယ်မြေမှာ ပြန်လည် လာရောက်နေထိုင်လိုတာ ဖြစ်ပြီး ပြန်နေလို့ရအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း သူက ပြောပါတယ်။

ကိုးကန့် အဖွဲ့နဲ့ အတူ KIA ကချင် လွတ်လပ်ရေး တပ်မတော်၊ ရခိုင်တပ်မတော်၊ TNLA အဖွဲ့နဲ့ SSPP/SSA အဖွဲ့တို့ ပူးပေါင်းပြီး အစိုးရ တပ်တွေကို တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး အတွက် မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်နေစဉ် မှာပဲ အခုလို ပြင်းထန်တဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွား နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ