ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေး ကြေညာ

Refugees from Laukkai ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ပွဲကြားက လောက်ကိုင် ဒေသခံတွေ ထွက်ပြေးနေ

တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးနိုင်တဲ့ အန္တရာယ် ရှိနေတဲ့ အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်လိုက်ပြီး စစ်အုပ်ချုပ်ရေး အမိန့်ကိုလည်း အစိုးရက ကြေညာလိုက် ပါတယ်။

ကိုးကန့် ဒေသမှာ ဖောဖော်ဝါရီ ၁၇ ရက်နေ့က စတင်ပြီး ဒီအမိန့် သက်ရောက်တာ ဖြစ်ပါတယ်။

အဲဒီ အင်္ဂါနေ့ မှာပဲ လောက်ကိုင် ရဲစခန်းကို ကိုးကန့် သူပုန်တွေက ဝင်ရောက် တိုက်ခိုက် ခဲ့တယ်လို့ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

လောက်ကိုင် ကနေ ကွမ်းလုံကို ပြန်လာတဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားလည်း ပစ်ခတ်ခံရတဲ့ အတွက် ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ ကိုးကန့် ဒေသ သတင်း ရယူဖို့ လားရှိုးမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လောက်ကိုင်က အလာမှာ ပစ်ခတ်ခံရတဲ့ ကြက် ခြေနီ ၂ ဦး လားရှိုး ရောက်မလာသေးပေမယ့် အသက် အန္တရာယ် ထိခိုက်တဲ့ အထိ မစိုးရိမ်ရဘူးလို့ သိရှိ ရပါတယ်။

တိုက်ပွဲ ကင်းရှင်းပြီ ထင်ပြီး ထွက်လာတဲ့ ယာဉ်ကို ပစ်ခတ် ခံရတာ ဖြစ်ပြီး အဲဒိ နားမှာ ရခိုင် ၊ ပလောင် စတဲ့ လက်နက်ကိုင် အဖွဲ့ တွေများလို့ ပစ်ခတ်သူ ဘယ်သူဘယ်ဝါ မသိရ သေး ပါဘူး။

ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်တဲ့ မြန်မာ့ အစိုးရ တပ်မတော်နဲ့ MNDAA ခေါ် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့တို့ တိုက်ခိုက်မှုတွေ အတွင်း အရပ်သား ၄၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ တိုက်ပွဲကြားက ထွက်ပြေးလာသူ တချို့က ပြောပါတယ်။

တရုတ် အစိုးရကလည်း တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃ သောင်း ကျော်လောက် တရုတ်မြန်မာ နယ်စပ် တရုတ် နိုင်ငံဘက်ခြမ်းဆီ ထွက်ပြေး လာတာကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းက Hua Chunying က ပြောပါတယ်။

မြန်မာ ဘက်က ထွက်ပြေးလာသူတွေကို ယူနန် ပြည်နယ် အာဏာပိုင်တွေက လိုအပ်တဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

အနယ်နယ် အရပ်ရပ်ကနေ ကိုးကန့် ဒေသကို သွားရောက် အလုပ်လုပ်ကြသူတွေအပါအဝင် တချို့ ဒေသခံတွေကတော့ လားရှိုးနဲ့ မန္တလေးမြို့တွေဘက်ကို ထွက်ပြေး လာနေကြတာလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ