ရန်ကုန်မှာ အလုပ်သမား သပိတ်စစ်ကြောင်း ချီတက်

မြန်မာ အထည်ချုပ် အလုပ်သမားများ
Image caption မြန်မာ အထည်ချုပ် အလုပ်သမားများ

ရွှေပြည်သာမှာရှိတဲ့ အထည်ချုပ် စက်ရုံ ၃ခုကနေ အခြေခံလစာ တိုးရေးချီတက်တဲ့ အလုပ်သမား သပိတ် စစ်ကြောင်းမှာ အလုပ်သမား ထောင်ချီ ပါဝင်ပါတယ်။ အခြေခံလစာ တိုးမြှင့်ပေးဖို့ အနည်းဆုံး လုပ်ခလစာ ဥပဒေပေါ်ထွက်လာရေး အတွက် အလုပ်သမား အခွင့်အရေးတွေကို ဖေဖေါ်ဝါရီ လဆန်းကတည်းက တောင်းဆို နေကြတာ ဖြစ်ပါတယ်။ ဆန္ဒပြရာမှာ ဉီးဆောင် ပါဝင်သူ တဉီးဖြစ်တဲ့ မခင်မျိုးဉီးက ဝန်ကြီး စကားကို နားထောင်တဲ့အနေနဲ့ မနက်ပိုင်းက စောင့်နေပေမယ့် ညှိနှိုင်းတာ အဆင်မပြေလို့ ဆက်ချီတက်ရာ အင်းစိန်ထွေအုပ်ရုံးအနားမှာ အတားခံထားရတယ်လို့ ပြောပါတယ်။ အခြေခံ လုပ်ခလစာ တလ တသောင်းခွဲကနေ သုံးသောင်းအထိ တတိုးတောင်းနေတာလို့မခင်မျိုးဉီးကဘီဘီစီကို ပြောပါတယ်။

အစိုးရနဲ့ အလုပ်ရှင်တွေဘက်ကို အလုပ်သမားတွေက သပိတ် စစ်ကြောင်းအသွင်နဲ့ တောင်းဆို နေကြတာ ဖြစ်ပါတယ်။ အခုအချိန်အထိ ညှိနှိုင်းမှု အဆင်မပြေသေးဘူးလို့ အလုပ်သမား ခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုမျိုးမင်းမင်းက ပြောပါတယ်။ သူတို့ တောင်းဆိုတာ မရရင် သပိတ်ကို နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ဘူးလို့လည်း သပိတ်မှောက်သူတွေက ပြောနေကြပါတယ်။

စောစောက အစိုးရက သုံးရက်အတွင်း အဆင်ပြေအောင် ညှိပေးမယ်လို့ ပြောထားပါတယ်။ အခု နောက်ဆုံးသပိတ် အခြေအနေကို အစိုးရဘက်က သဘောထားသိဖို့ အခုချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။