ရဲနဲ့ အလုပ်သမား ရိုက်ကြလို့ ဒဏ်ရာ ရသူ များပြား

ဓာတ်ပုံ မူပိုင် epa
Image caption သောကြာနေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တာပါ

အခြေခံ လုပ်ခလစာ တိုးမြှင့်ရေး သပိတ်မှောက် တောင်းဆို နေကြတဲ့ ရွှေပြည်သာ စက်မှုဇုန်က အထည်ချုပ် လုပ်သား တွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေကြား သောကြာနေ့ည ဦးပိုင်းက ထိပ်တိုက် ဖြစ်တဲ့ အတွက် နှစ်ဘက် စလုံးမှာ ဒါဇင်နဲ့ ချီပြီး လူတွေ ဒဏ်ရာ ရခဲ့ ကြပါတယ်။

ရွေပြည်သာ စက်ရုံ ၄ ရုံက အလုပ်သမား နှစ်ထောင်လောက် ဆန္ဒပြ နေခဲ့တာ နှစ်ပတ်ကျော် လာခဲ့ ချိန်မှာ ဒီလို ပြဿနာ ဖြစ်ခဲ့ တာပါ။

အာဏာပိုင်တွေ ဘက်ကလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်လို့ သတိပေး ထားပြီး ရက်ပိုင်း အတွင်းမှာပဲ အီလန် မြန်မာ အထည်ချုပ် စက်ရုံ ရှေ့မှာ ရဲအင်အား ရာဂဏန်း လောက်က ဝင်ရောက် ရှင်းလင်းဖို့ ကြိုးစား ရင်း နှစ်ဘက် ထိပ်တိုက် တွေ့ခဲ့ ကြတာ ဖြစ်ပါတယ်။

ရဲတွေက သံတုတ်တွေကို အသုံးပြု ခဲ့တယ်လို့ ဆန္ဒပြသူ အလုပ် သမတစ်ဦး ဖြစ်တဲ့ မသိမ်းမိုးဝေ က ဘီဘီစီကို ပြောပါတယ်။

အလုပ်သမား တွေဖက်က မူးလဲသူ နဲ့ ဒဏ်ရာ ရသူ စုစုပေါင်း သုံးလေးဆယ် ရှိမယ်လို့ ထင်ကြောင်း သူကပြောခဲ့ ပါတယ်။

လက်မှာ ဒဏ်ရာ ရထားတဲ့ မခင်မျိုးဝေက ဘီဘီစီကို ပြောရာမှာ တော့ ရဲတွေ ဖမ်းထား တဲ့ ဆန္ဒပြ အလုပ်သမား တွေကို ပြန်တောင်းဖို့ ရှေ့ကို တိုးရင်း ရိုက်နှက်ခံ ခဲ့ရတာ လို့ပြောပါတယ်။

ရဲက ဆန္ဒပြ သူတွေကို ဖယ်ရှားဖို့ ကြိုးစားရင်း ဆန္ဒပြ ခေါင်းဆောင် တွေကို ဖမ်းဆီးသွား တဲ့ အချိန်မှာ အခုလို ပဋိပက္ခ ဖြစ်ခဲ့တာလို့ အဲဒီ နေရာကို ရောက်သွားတဲ့ 7 Day သတင်း ထောက် ကိုငြိမ်းချမ်း က ဘီဘီစီကို ပြောပါတယ်။

ရွှေပြည်သာ ရဲစခန်းကို မေးကြည့်ရာ မှာတော့ ကနဦး တက်တဲ့ သတင်း အရ ဒဏ်ရာ ရသူ ရဲတပ်သား ၁၇ ဦး ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။