ကိုး​ကန့်​တပ်​ထဲ တရုတ်​ကြေးစား စစ်​သား​တွေ ပါဝင်​ကြောင်း အစိုးရ​စစ်​တပ်​ စွပ်စွဲ

laukkai_army_kokang_myatunoo
Image caption လောက်ကိုင် ဒေသ ဖြစ်စဉ်ဟာ အချုပ်အချာ အာဏာနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြော။

လောက်ကိုင် ဒေသ တိုက်ပွဲတွေ မှာ ကိုးကပ် တပ်ဖွဲ့ ဘက် ကနေ ဝင်တိုက်ပေး သူတွေ ထဲမှာ တရုတ် ကြေးစား စစ်သားတွေ ပါဝင် နေတယ် ဆိုပြီး ဖေဖေါ်ဝါရီ ၂၁ ရက် နေပြည်တော် မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲ မှာ မြန်မာ အစိုးရ စစ်တပ် က စွပ်စွဲ လိုက်ပါတယ်။

ဒါ့အပြင် ကချင် လက်နက်ကိုင် ကေအိုင်အေ၊ ၀မ်ဟိုင်း အခြေစိုက် ရှမ်း လက်နက်ကိုင် SSA နဲ့ တအန်း ပလောင်တပ် TNLA တပ်ဖွဲ့ဝင် တွေလည်း ကိုးကပ် တပ်တွေ နဲ့ အတူ ပူးပေါင်း ပါဝင်တဲ့ အတွက် သက်ဆိုင်ရာ အဖွဲ့ တွေ အနေနဲ့ တာဝန်ယူ ရမှာ ဖြစ်တဲ့ အကြောင်း ပြောထားတယ် ဆိုပြီး တပ်မတော် စစ်ဘက် ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။

လောက်ကိုင် ဒေသ ဖြစ်စဉ် ဟာ အချုပ်အချာ အာဏာ နဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပြီး ရွေးကောက် တင်မြှောက်ထားတဲ့ ကိုးကန့် အထူး ဒေသ အစိုးရ ကို ဖြုတ်ချကာ အာဏာသိမ်း ဖို့ လုပ်ရပ် ဖြစ်တဲ့ အတွက် တပ်မတော် အနေနဲ့ လုံးဝ လက်ခံ မှာ မဟုတ်ဘူး ဆိုပြီး တော့လည်း သတိ ပေးခဲ့ပါတယ်။

အခုလို၊ တရုတ် ကြေးစားတွေ ဆိုတဲ့ အစိုးရ စစ်တပ် ရဲ့ စွပ်စွဲ မှု ကို ကိုးကန့် တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်း က စောစောပိုင်း တုန်းက ငြင်းဆို ထားပြီး ဒီလို စွပ်စွဲမှုတွေ လုပ်နေတာ ဟာ လောက်ကိုင် ဒေသ တိုက်ပွဲတွေ ကို ပြည်ပက တရုတ် လူမျိုးတွေ နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျူးကျော် စစ်ပွဲ အဖြစ် အများ မြင်လာအောင် လုပ်နေတာ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က အဲဒီ့ ကိုးကန့် ဒေသ စစ်ပွဲ နဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ရာ မှာ ကိုးကန့် အဖွဲ့ကို တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လိုပဲ သဘောထားပါ လို့ တောင်းဆို လိုက်သလို ဆွေးနွေး လက်စ တနိုင်ငံလုံး အပစ်ရပ် ဆွေးနွေး ပွဲ ကနေ နိုင်ငံရေး ဆွေးနွေးပွဲ တွေ ဖြစ်လာအောင် အမြန်ဆုံး အကောင်အထည် ဖော် ပါ ဆိုပြီး အစိုးရ ကို အကြံပြု ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ