နိုင်ငံအကြီးအကဲတွေကို အကြည်ညိုပျက်အောင် လုပ်မှုနဲ့ သတင်းထောက် အဖမ်းခံရ

ဓာတ်ပုံ မူပိုင် AFP
Image caption Facebook ပေါ်ကနေ နိုင်ငံ့ အကြီးအကဲတွေရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် ရေးလို့ ဆိုပြီး ပထမဆုံး အကြိမ် ဖမ်းဆီး

မြန်မာပြည်မှာ အသုံးများတဲ့ Facebook လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီးအကဲတွေရဲ့ ဂုဏ်သရေ ထိခိုက် ညိုးနွမ်းအောင် ရေးသားဖေါ်ပြ ခဲ့တယ် ဆိုပြီး မုံရွာမြို့က ဖိုတို စားသောက်ဆိုင် ပိုင်ရှင်လည်းဖြစ် အလွတ်တန်း ဓါတ်ပုံ သတင်းထောက်လည်း ဖြစ်တဲ့ ကိုအောင်နေမျိုးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး အရေးပေါ် စီမံချက် အက်ဥပဒေနဲ့ အရေးယူလိုက်ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာမှာ ကိုးကန့်စစ်ပွဲ အကြောင်း ရိုက်ကူးထားတဲ့ ကွမ်းလုံ ရက် ၄၀ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြော်ငြာကို ကွန်ဒုံး ရက် ၄၀ ဆိုပြီး အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တချို့ နာမည်တွေနဲ့ သရုပ်ဖေါ်ထားတဲ့ ဓါတ်ပုံကို ရှယ်ခဲ့တဲ့အတွက် သတင်းတပ်ဖွဲ့က တရားလိုလုပ်ပြီး ကိုအောင်နေမျိုးကို ဖမ်းလိုက်တာဖြစ်ပါတယ်။

အခုအခါ သူ့ကို အမှုဖွင့် အရေးယူဖို့ ထိန်းသိမ်းထားပြီး ရမန်ယူပြီး မုံရွာ ထောင်ကြီးချုပ်ကို ပို့မယ်လို့ မုံရွာ မြို့မစခန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ နိုင်ငံတော် အကြီးအကဲတွေရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် ရေးလို့ ဆိုပြီး ဖမ်းဆီး အရေးယူခံရတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

တရား လွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းကတော့ နိုင်ငံတကာမှာ ရုပ်ပြောင် ရေးဆွဲတာမျိုးကို ဖမ်းဆီး ရေးယူတာမျိုး မရှိကြောင်းနဲ့ ကိုအောင်နေမျိုးရဲ့ ကိစ္စဟာ စာနယ်ဇင်း လွတ်လပ်မှုနဲ့ ဆက်စပ်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

စာနယ်ဇင်း ကောင်စီ ယာယီရဲ့ အဖွဲ့ဝင်လည်းဖြစ် မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂကို ဦးဆောင်သူလည်း ဖြစ်တဲ့ ဦးဇော်သက်ထွေးကလည်း လူမှုကွန်ရက်မှာ အစိုးရကို ဝေဖန်သူတွေ အများအပြား ရှိတဲ့အနက် ကိုအောင်နေမျိုးလို အလွတ်တန်း ဓါတ်ပုံ သတင်းထောက်တဦးကို ခုလို ပြင်းထန်တဲ့ ပုဒ်မတွေနဲ့ တရားစွဲလိုက်တာဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ မီဒီယာကဏ္ဍကို အကြွင်းမဲ့ ကင်းလွတ်ခွင့် မပေးချင်လို့ ခြောက်လှန့်လိုက်တဲ့ သဘော ဖြစ်တယ်လို့ ပြောပါတယ်။

ကိုအောင်နေမျိုးကို စွဲဆိုထားတဲ့ အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (က)နဲ့ (င) ဆိုတာ အတော်ပြင်းထန်တာမို့ ပြစ်မှု ထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် ၇နှစ်ကနေ ၁၄ နှစ်ထိ ကျခံ ရနိုင်တယ်လို့လည်း သိရပါတယ်။