ကျောင်းသားသပိတ် ကို ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ဖို့ အစိုးရထံပန်ကြား

student_union
Image caption ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ ကျောင်းသားများတောင်းဆိုနေ

လက်ပံတန်းမြို့မှာ တားဆီးပိတ်ပင်ခံထားရတဲ့ ကျောင်းသားသပိတ် စစ်ကြောင်း ရန်ကုန်ကို လာနိုင်ရေး နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးရေး အတွက် အဖွဲ့အစည်း ၂၃ ဖွဲ့ က တောင်းဆို လိုက်ပါတယ်။

အမျိုးသားပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကွန်ရက် (NNER)အပါအဝင် နိုင်ငံရေးလူမှုရေး ဆိုင်ရာအဖွဲ့တွေ က အစိုးရ ကို အခုလို ပန်ကြားခဲ့တာပါ။

အခုလို အစိုးရ ကို ပန်ကြားတောင်းဆိုခဲ့တဲ့ အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ က ပါတီဥက္ကဌ ဦးအောင်မိုးဇော် က ကျောင်းသားတွေနဲ့ အစိုးရ ဘက်တို့ ထိပ်တိုက်တွေ့မှု အခြေအနေ ကနေ မလိုလားအပ်တဲ့ နိုင်ငံရေး အရှုပ်အထွေး ပြဿနာတွေ ဆီကို ရောက်သွားမှာ ကို စိုးရိမ်တဲ့အတွက် အခုလို ပန်ကြားရတာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။