ထိန်းသိမ်းခံ သတင်းထောက်တွေ ပြန်လွတ်လာ

Image caption သတင်းထောက်မှန်း သိသိနဲ့ ရိုက်နှက် ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ဆို

ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့က လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ် စစ်ကြောင်းကို ရဲတွေ ဖြိုခွင်းခဲ့စဉ်တုန်းက သတင်းယူနေတဲ့ သတင်းထောက်တွေကို ရဲတွေက တမင် ရိုက်နှက် ဖမ်းဆီးခဲ့ကြ တယ်လို့ အဖမ်းခံရာကနေ ပြန်လွတ်လာတဲ့ သတင်းထောက်တွေက ပြန်ပြောပြပါတယ်။

သာယာဝတီ အကျဉ်းထောင်မှာ ထိန်းသိမ်းထားရာကနေ မြန်မာ Post Global ဂျာနယ် သတင်းထောက် ကိုဉာဏ်လင်းထွန်းနဲ့ The reporter ဂျာနယ် သတင်းထောက် ကိုဖြိုးအောင်မြင့်တို့ကို အာဏာပိုင်တွေက သောကြာနေ့ ညနေက ပြန်လွှတ်ပေးလိုက်တာပါ။

သတင်းထောက် ကိုဉာဏ်လင်းထွန်းက သူ့ကို ဖမ်းဆီးပြီး နောက်ပိုင်း ထောင်ထဲမှာ ထိန်းသိမ်းထားစဉ် အတွင်းမှာတော့ ရိုက်နှက် ညှင်းပန်းတာမျိုး မရှိကြောင်း၊ ဒါပေမယ့် ဘုန်းကြီးကျောင်းပေါ်ကို ဝင်ရောက် ဖမ်းဆီးစဉ်မှာတုန်းကတော့ ရဲတွေက ရက်ရက်စက်စက် ရိုက်နှက်ပြီး ကြိုးတုပ် ဖမ်းဆီးတာကို ခံခဲ့ရကြောင်း ဘီဘီစီကို ပြောပါတယ်။

မီဒီယာ သတင်းထောက် တဦး ဖြစ်တဲ့အကြောင်း အခိုင်အမာ သက်သေပြ ပြောဆို နေတဲ့ကြားက ဒုရဲမှူးကြီး နန္ဒာဝင်းရဲ့ အမိန့်နဲ့ ရိုက်နှက် ဖမ်းဆီးတာကို ခံခဲ့ရတာလို့ သူက ပြောပါတယ်။

ကျောင်းသားတွေ၊ ဝန်းရံသူတွေကို သူ့အုပ်စုနဲ့သူ နာမည်တပ်ပြီး ရဲက လူမဆန်စွာ ရိုက်နှက်ခဲ့သလိုပဲ သူ့ကိုလည်း မီဒီယာ သမား တဦးဆိုပြီး တမင် ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့ မြန်မာ Post Global ဂျာနယ် သတင်းထောက် ကိုဉာဏ်လင်းထွန်းက ပြောပါတယ်။