တရုတ်ဘက်ခြမ်း ဗုံးကျမှု မြန်မာကို တရုတ်ကန့်ကွက်

ဓာတ်ပုံ မူပိုင်
Image caption တရုတ်မြန်မာ နယ်စပ် လောက်ကိုင် ဒေသမှာ မြန်မာ အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ

မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့် တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ တရုတ် မြန်မာ နယ်စပ်နားမှာ သောကြာနေ့ တုန်းက တရုတ်နိုင်ငံ ဘက်ခြမ်းထဲကို လေယာဉ် ပေါ်က ပစ်ချလိုက်တဲ့ ဗုံးထိမှန်ပြီး တရုတ် နိုင်ငံသား ၄ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ညတွင်းချင်းမှာပဲ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကို တရုတ် အစိုးရက ဆင့်ခေါ် ပြီး တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

ဒီကနေ့ စနေနေ့မှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ဒုတိယ သမ္မတ စိုင်းမောက်ခမ်းနဲ့ တွေ့ဆုံပြီး ဒီဖြစ်စဉ်အပေါ် အမြန်ဆုံး စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာ အစိုးရဘက်က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာ လေတပ် လေယာဉ်တွေ သွားခဲ့တဲ့ လမ်းကြောင်းကို ပြန်စိစစ် စစ်ဆေးသွားမယ့် အကြောင်းနဲ့ ဒီဗုံးဟာ လေယာဉ်ပေါ်က ကျတဲ့ ဗုံးလား၊ ဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့် အဖွဲ့က မြေပြင်ကနေ ပစ်လိုက်တဲ့ စိန်ပြောင်း ကျည်ဆံမျိုးလား ဆိုတာကို တိတိကျကျ ခွဲခြားနိုင်ဖို့ အတွက် ကျည်ကွဲစ အထောက်အထား တွေကို တောင်းထားကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

MNDAA ကိုးကန့် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကတော့ ကိုးကန့်အဖွဲ့ဟာ တရုတ်ပြည်ကို နောက်ကျောပေး နေရာယူပြီး တိုက်နေတာ ဖြစ်တာကြောင့် သူတို့ရဲ့ ကျည်တွေ တရုတ်ပြည်ဘက်ခြမ်းကို မကျနိုင်သလို သူတို့အဖွဲ့မှာ ဒီလို လက်နက်ကြီးမျိုး တွေလည်း မရှိဘူးလို့ ပြောပါတယ်။

အခုအခါ မြန်မာ အစိုးရ စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေအစား မြေပြင်ကနေ ပိုတိုးတိုက်ဖို့ ပြင်ဆင်လာဘွယ် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ စစ်တပ်ဟာ ကိုးကန့်အဖွဲ့ကို အပြတ် ချေမှုန်း တိုက်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လေကြောင်းကနေရော မြေပြင်ကနေပါ ဆက်တိုက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။

အခုအခါ တရုတ်နိုင်ငံဘက်ခြမ်းမှာ တရုတ်စစ်အင်အားတွေ တိုးချထားပြီး တိုက်လေယာဉ် တွေလည်း စေလွှတ်ထားတယ်လို့ သိရပါတယ်။