ဘားဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတွေကို ထောင်ဒဏ်ချမှတ်

VGastro Bar
Image caption အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ်ခွဲစီချ

ဗုဒ္ဓပုံတော်ကို နားကြပ်တပ်ဆင်ပြီး ကြော်ငြာခဲ့တဲ့ V Gastro Bar ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်နှင့် မန်နေဂျာတွေဖြစ်ကြတဲ့ ဦးထွဋ်ကိုကိုလွင်နဲ့ နယူးဇီလန် နိုင်ငံသား မစ္စတာ ဖီးလစ် ဘလက်ဝုဒ် တို့ကို ဗဟန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လစီ အင်္ဂါနေ့မှာ ချမှတ်လိုက်ပါတယ်။

ဗဟန်း ရွှေတောင်ကြား လမ်းက ချမ်းသာသူတွေ အများဆုံး လာလေ့ ရှိတဲ့ V Gastro Bar ဆိုင်မှာ ဒီဇင်ဘာလ (၁၄)ရက်နေ့က ပွဲအတွက် ဗုဒ္ဓ ရုပ်ပွားတော်ပုံနဲ့ ကြော်ငြာရာမှာ လူမှု ဆက်သွယ်ရေး ကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့ ခဲ့ပါတယ်။ အဲဒီနောက် ဘားဆိုင်က တာဝန်ရှိသူတွေကို ရဲက ဖမ်းဆီးပြီး ဆိုင်ကိုလည်း ယာယီ ပိတ်ထားခဲ့ပါတယ်။

သူတို့(၃) ဦးကို သာသနာ အကြည်ညို ပျက်စေမှု၊ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မတွေ အပြင် ညပိုင်းအချိန်မတော် ဘားဆိုင်ဖွင့်လှစ်တာကို တားမြစ်တဲ့ ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ တို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် မစ္စတာ ဘလက်ဝုဒ်ကတော့ အယူခံဝင်မယ်လို့ ပြောပါတယ်။