အပစ်ရပ်စာချုပ်မှာ တော်လှန်ရေးဆိုတဲ့ စကားလုံး ထည့်ဖို့ အစိုးရ သဘောတူ

UPWC and NCCT meeting
Image caption တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် အတွက် ၇ ကြိမ်မြောက် ညှိနှိုင်း ဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT တို့ ရဲ့ တတိယမြောက်နေ့ ဆွေးနွေးပွဲမှာ အစိုးရ ဘက်က အရင်က လက်ခံဖို့ အခက်အခဲ ဖြစ်နေတဲ့ တော်လှန်ရေးဆိုတဲ အသုံးနှုန်းကို စာချုပ်မှာ ထည့်သွင်းဖို့ သဘော တူလိုက် ပါတယ်။

မတ်လ ၁၉ ရက် ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ အပစ်ရပ် စာချုပ် မူကြမ်း အတွက် အပြုသဘောဆောင် ဆွေးနွေး နိုင်ခဲ့ကြတယ်လို့ နှစ်ဘက် စလုံးက ပြောပါတယ်။

NCCT ဘက်က ဒေါက်တာဆလိုင်း လျန်မုန်း ဆာခေါင်းက အခု ဆွေးနွေးပွဲဟာ အကောင်းဘက်ကို ဦးတည် နေပြီလို့ ပြောပါတယ်။

အခု ဆွေးနွေးပွဲမှာတော့ အရင်တုန်းကလို ငြင်းခုန် ပြစ်တင် နေကြတာမဟုတ်တော့ဘဲ ပြည်တွင်း စစ်ဖြစ်နေတယ် ဆိုတာကို လက်ခံပြီး အတူတကွ ဘယ်လို ပူးပေါင်း ဖြေရှင်း သွားကြမလဲ ဆိုတဲ့ဘက်ကို ကူးပြောင်း သွားပြီလို့ သူက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ၅ ကြိမ်မြောက် ဆွေးနွေးပွဲ တုန်းကတော့ တိုင်းရင်းသားတွေ ဘက်က ထည့်ချင်တဲ့ ဖက်ဒရယ် ဆိုတဲ့ အသုံးအနှုန်းကို အစိုးရ ဘက်က လက်ခံခဲ့ပြီးမှ နောက် တစ်ကြိမ် ဆွေးနွေးပွဲမှာ အခက် အခဲတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရနဲ့ စစ်တပ်ဖက်က အပစ်ရပ် စာချုပ် လက်မှတ်ထိုးဖို့ အချိန်နည်း နေပြီ ဆိုတာ သိသလို တိုင်းရင်းသားတွေဘက်ကလည်း စာချုပ်အတွက် လက်မှတ် ထိုးနိုင်ရေးကို ဦးစားပေး လာတာ တွေ့ရ ပါတယ်။

အခု ဆွေးနွေးပွဲမှာ စာချုပ် မူကြမ်းကို သဘောတူနိုင်ပြီ ဆိုရင် တိုင်းရင်းသားခေါင်း ဆောင်တွေ အားလုံး သဘောတူ လက်မှတ်ရေး ထိုးမယ့် ညီလာခံ တစ်ခု ကျင်းပပြီး အပစ်ရပ်ရေး အတွက် လက်မှတ်ထိုး ကြမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ